သူ့အရပ်နဲ့ သူ့ဇာတ်
- SuLat Phyu
- Aug 23, 2024
- 2 min read
သို့ /
ချစ်ရပါသောရေ...
ဘယ်တွေသွား ဘာတွေစားကာ အလုပ်များနေလဲကွယ်။ သိချင်စမ်းပါရဲ့။
ဒီမှာတော့ ဘယ်မှမသွား ဘာမှမစားဘဲ ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်လေးထိုင်နေချင်မိတယ်။ ဆူညံနေတဲ့ လောကကြီးမှာ ကျင်လည်ရသူမလို့ တိတ်ဆိတ်တာကို တောင့်တမိတော့တာပါပဲ။ တစ်ဖက်က ပြောင်းတွေးရရင် တိတ်ဆိတ်တဲ့နေရာမှာ အကြာကြီး နေရရင်လည်း လှုပ်ရှားသက်၀င်နေတာကို လိုချင်မိမယ်နဲ့ တူတယ်။ ဪ ....လူ့အလို နတ်မလိုက်နိုင်တာ အမှန်ပဲကိုး။ ဘယ်မှမသွားဘဲ ငြိမ်ငြိမ်လေး ထိုင်နေရရင်လို့ တွေးမိတော့ ရေကြီးနေတဲ့ အရပ်ကသူတွေကို သတိရမိပြန်ရော။ သူတို့ဆို အိမ်ထဲတင် ငြိမ်နေရတော့မှာ။ သွားရေးလာရေးဆိုလို့ လှေကိုသာ အားကိုးရတော့မယ်။ ပျင်းနေမလား မသိဘူးနော်လို့ တွေးမိတယ်။ ဒါပေမဲ့ ရေကြီးခါပြီးရင် အလုပ်အလွန်များတော့မှာမလို့ ခုနေ ပျင်းလို့ရတဲ့အချိန်လေး စိတ်ရှိသလောက် ပျင်းနေနိုင်တာလည်း မဆိုးဘူးပဲ။
ရေကြီးပြီးရင် ကျန်ခဲ့မဲ့ နုန်းတွေ အမှိုက်တွေ ဖယ်ရမယ်။
ပစ္စည်းတွေ ပြန်ချ လှေတွေဘာညာ ပြန်တင် ရမယ်။
အထူးသဖြင့်တော့ ရေမြှပ်ခဲ့တဲ့ ရေတွင်းရေကန်တွေကို သန့်ရှင်းရေး ပြန်လုပ်ရတော့မယ်။ အများအားဖြင့်တော့ မြေအောက်ရေကို အဓိကထားတဲ့ လက်နှိပ်တွင်းတွေ သုံးကြတာများပါတယ်။ ရေမ၀င်ပါဘူးဆိုတဲ့နှစ်တောင် နှစ်ပေ သုံးပေ အသာလေး မြှပ်တဲ့အရပ်ဆိုတော့ ဒီနှစ်လို ရေ၀င်တဲ့နှစ်ဆို ရေဘုံဘိုင်တွေ မြှပ်ပြီပေ့ါ။ အဲ့တွင်းတွေ သန့်ရှင်းရေး လုပ်ရမယ်။ လုပ်စရာတွေ ပေါလွန်းလို့ အလုပ်နဲ့လက် ပြတ်မယ်တောင် မထင်ဘူးဗျို့။
ကျနော်ကသာ ပြောနေတာ နှစ်စဉ် ရေ၀င်တဲ့ အရပ်မှာ ကြီးပြင်းခဲ့တဲ့သူတွေမလို့ ဒီဟာတွေကို စာဖွဲ့မနေကြဘူးရယ်။
ဘယ်နှစ်ဆို ရေပိုကြီးမယ်
ဘယ်အရပ်က လေတိုက်ရင် မိုးများမယ်
လှေကို နှစ်ရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမယ်
ရေကြီးတဲ့အချိန်တွေအတွက် ဘယ်အစားအသောက်ကြိုစုရမယ် စတဲ့ ဗဟုသုတတွေ သူတို့မှာ ရှိပြီးသားဗျ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အသိပညာတွေပေါ့။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတာပဲ။ အလုပ်ဖြစ်သဗျ။
အိမ်ထဲကို ရေတဖြည်းဖြည်း ၀င်လာတဲ့အခါ လက်နှိပ်တွင်းတွေ ဘုံဘိုင်တွင်းတွေရဲ့ အ၀ကို ပလတ်စတစ် လုံလုံ ပိတ်တော့တာပဲ။ အုတ်ကန်တွေ ရေကန်တွေကိုလည်း ဖုံးသင့်တာဖုံး ပိတ်သင့်တန်ပိတ် လုပ်ကြတယ်။ ရေ အတော်အသင့် ပြန်ကျပြီဆို ပိတ်ထားတွေ ပြန်ဖွင့်ကြ။ ဘုံဘိုင်တွင်းတွေထဲက ရေကို မကြည်လာမချင်းနှိပ်ကြတယ်။ ရေကြီးတုန်းက ပိုက်လိုင်းတစ်လျှာက် ၀င်ခဲ့တဲ့ အမှုန်အမွှားတွေ အနည်အနှစ်တွေ ကုန်စင်သွားအောင်ပေါ့ဗျာ။ စိတ်ကျေနပ်လောက်အောင် ကြည်လာပြီဆိုတော့မှ အဲ့ရေကို ပြန်သုံးကြတယ်။ ဒေသတစ်ခုမှာ မှီတင်းနေထိုင်ကြတဲ့သူတိုင်းဟာ အဲ့အရပ်ရဲ့ သဘာ၀နဲ့ ကိုက်ညီအောင် ရှင်သန်နေထိုင်စွမ်းရှိတယ်ဆိုတာ အမှန်ပဲဗျ။ သူတို့ပြောတဲ့ အယူအဆတွေ သူတို့လုပ်တဲ့ အရာတွေဟာ သိပ္ပံနည်းကျ နောက်ဆုံးပေါ်နည်းပညာနဲ့ ယှဉ်ထိုးကြည့်ရင် မကိုက်ညီတာတွေရှိနိုင်ပေမဲ့ သိပ္ပံပညာကရော နေရာတိုင်း အချိန်တိုင်းအတွက် ကိုက်ညီမှန်ကန်မှု ရှိရဲ့လား?
ပြန်ဆက်ရရင် ရေမြှပ်ခဲ့တဲ့ ရေတွင်းရေကန်ထဲကရေတွေ အမြင်အရသန့်သွားအောင်လုပ်ပြီးရင် ပြန်သုံးကြတာပဲ။ ဘယ်သူမှလည်း ရေအရည်အသွေးကို စစ်ဖို့ မစဉ်းစားကြသလို ရေအရည်အသွေးစစ်ဖို့ နည်းပညာတွေနဲ့လည်း အလှမ်းဝေးနေကြတုံးပဲ။မှတ်မှတ်ရရ ငယ်ငယ်က ကြုံဖူးတာ တစ်ခု ရှိတယ်။
ဒီအရပ်တွေမှာ ထုံးစံအရ စီးနေတဲ့ ရေဆို သန့်တယ်၊ ကြည့်လိုက်လို့ အမှုန်အမွှား ကင်းရင် ကြည်လင်နေရင် သန့်တယ် လို့ ယူဆကြတုန်းပဲ။ရေတစ်ပိဿ ကျော်ရင် သန့်တယ် ဆိုလားပဲ။ ဟင့်အင်း အဲ့တာက အမြင်အရ သန့်တာ။ ရေထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ဘက်တီရီးယားတွေ အများကြီးပါတယ် ၀မ်းပျက်၀မ်းလျှော ဖြစ်တတ်တယ် လို့ ပြောတော့ လုံမလေးရယ် အရီးတို့တစ်သက် ဒီရေသောက်ပြီး ဒီလိုနေလာတာ ဘာမှမဖြစ်ပေါင်တော် လို့ ပြန်ပြောတာ ခံလိုက်ရတယ်။ ငိုမဲ့မဲ့နဲ့ ဘာပြန်ပြောရမယ်မှန်းမသိဘဲ ဟင့်အင်း အရီးတို့ အဲ့ရေတွေက မသန့်ဘူး မသောက်နဲ့လို့ ဇွတ်တွေ ပြန်ငြင်းမိတယ်။ စိတ်ထဲမှာလည်း တနုံ့နုံ့ပေါ့။ သေချာပေါက် ရေကြီးတုန်းက ရေမြှပ်ခဲ့တဲ့တွင်းမလို့ ရေအရည်အသွေးကတော့ ထိကို ထိမှာပဲ။ သန့်ရှင်းစိတ်ချရတဲ့ဟာမဟုတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့က ဘာမှမဖြစ်ဘူးဆိုတော့ အဲ့ရေက သောက်ဖို့ အဆင်ပြေတယ်လို့ ယူဆရမှာလား။ ငယ်စိတ်နဲ့ဆိုတော့ ကိုယ်မှန်ကြောင်း သက်သေသိပ်ပြချင်တာကိုး။ နောက်နေ့ ပြန်သွား အဲ့ရေကို ယူ ရေအရည်အသွေး စစ်မယ်ပေါ့။ ရေယူရင်း အဲ့အရီးနဲ့ စကားထိုင်ပြောဖြစ်တယ်။ ကိုယ်ကသာ မှန်ကြောင်း သက်သေပြဖို့ လောနေတာ အရီးကတော့ စိတ်အားထက်သန်တဲ့ကလေးတွေဆိုပြီး ရေနွေးနဲ့ လက်ဖက်သုပ်နဲ့ ထန်းလျက်ခဲနဲ့ အကျအနဧည့်ခံရှာတယ်။ စကားပြောရင်း ရေဆာတော့ ရေအိုးထဲကရေ ခပ်မသောက်ဘဲ ရေနွေးပဲ သောက်မိတယ်။ ကြိုချက်ထားတဲ့ရေဆို သန့်တယ်လေ ဟဲဟဲ။
သောက်နေရင်း ရုတ်တရက် သတိရပြီး အရီး တစ်နေ့ ရေနွေး ဘယ်နှစ်အိုးလောက်သောက်လဲ စပ်စုမိတယ်။ လုံမလေးရယ် တစ်နေ့တစ်နေ့ သုံးအိုးလောက်တော့ အသာလေးပဲတဲ့။
ဟင်... အာ့ဆို ရေအိုးထဲက မသောက်ဖြစ်ဘူးပေါ့။
သိပ်ပြီးတော့ မသောက်ဖြစ်ပါဘူးတော် ရေနွေးကြမ်းသောက်တာ အကျင့်ပါနေပြီ။ မိုးလင်းတာနဲ့ ရေနွေးအိုးတည် ဘုရားရှိခိုး ထမင်းဟင်းချက် ကျက်ပြီဆို ရေနွေးတစ်အိုး ကောက်တည်ထားလိုက် ပွက်ပွက်ဆူတာနဲ့ ဓာတ်ဘူးထဲထည့် အကြမ်းခြောက်ခပ်ထားလိုက်တာပဲ။ ပူကျက်နေတဲ့အချိန် ခပ်မှ လက်ဖက်အနံ့ မွှေးတာဆိုတော့ကာ ရေနွေးပူအောင် တည်ရတာပဲ။ သစ် ဝါး မရှားတော့ ထင်းကလည်း လွယ်တယ်လေ လုံမလေးရဲ့။
အရီးစကား နားထောင်ပြီးမှ ကိုယ့်နဖူးကိုယ် ရိုက် ဟိုက်ခနဲ စိတ်ထဲက ကျိတ်အော်မိတယ်။ သိပ္ပံသည်သာ အမှန်တရားလို့ လှေနံဓားထစ် ဆွဲပြီး ဒီရေမသန့်ဘူး ရောဂါပိုးမွှား ပါကိုပါတယ်လို့ ပုံသေမှတ်ယူနေမိတာ။ ရောဂါပိုးမွှား ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အရီးက ရေပွက်ပွက်ဆူအောင် ကြိုပြီး ရေနွေးသောက်လိုက်တာပဲ။ ရှိသမျှ ပိုးမွှား သေရော့လဟယ် ဒီရေ သန့်သွားပေါ့ကွယ်။ မဟုတ်ဘူးလား။ အရီးကတော့ ဒီလိုသန့်အောင် ကြိုသောက်သင့်တယ်ဆိုတာ သိလို့ သောက်တာတော့ မဟုတ်ဘူးပေါ့။ တစ်ရွာလုံး ဒီလို ရေနွေးသောက်ကြတဲ့အကျင့် ရှိနေတာပဲဟာ။ ဒါကြောင့်မလို့ ၀မ်းပျက်၀မ်းလျှော ပြင်းပြင်းထန်ထန် မဖြစ်ဘူးပေါ့။ ခေါင်းထဲမှာ ဖျတ်ခနဲ အတွေးပေါက်သွားပြီး အရီးကို လှမ်းကြည့်မိတော့ အရီးကတော့ ပြုံးပြုံးပဲ။ သူ့စိတ်ထဲမယ် ဒီလုံမလေး ရောက်လာပြီး အမလေး ဒီရေတွေ မသန့်ဘူး သောက်နေလို့ကတော့ ရောဂါတွေတော့ ဖြစ်ကုန်မှာပဲအလန့်တကြား ထလုပ်တော့ မဖြစ်ဘူးပါကွယ်ဆိုပြီး လက်ဖက်သုပ် ချကျွေးလိုက်တယ်။
လူငယ်တွေမလား စိတ်အားထက်သန်ရှာကြတယ်လေ ကိုယ်အတွက် ပြောတာဆိုတော့ အားနာစရာကောင်းတယ်မလား အလိုက်သင့် နားထောင်ရမယ်ဆိုပြီး နားထောင်ပေးခဲ့တာပေါ့။ သူတို့ပြန်သွားတော့ နဂိုအတိုင်းနေလို့ ရတာပ လို့ အရီးကတော့ တွေးနေတော့မှာပဲ။ အဲ့လိုတွေးနေတာမလား အရီးလို့ မေးတော့ အရီးက ရယ်တယ်။ လုံမလေးတို့ ပြောတာတွေက ဗဟုသုတ ရပါတယ်တဲ့ စိတ်ဖြေသာအောင် ပြောပေးရှာတယ်။
အဲ့ကတည်းက နောက်ဆို ကိုယ်က အရင် စွတ်စက်ပြီး ပြောမဲ့အစား ဒေသခံတွေ ပြောတာပဲ နားထောင်တော့တယ်။ သူတို့မှာရှိပြီးသားအသိတွေကို အခြေခံပြီး ပိုကောင်းအောင် ဘာလုပ်ပေးရမလဲဆိုတာကို အာရုံစိုက်ဖြစ်တယ်။ စာအုပ်ထဲမှာ ပါတဲ့ သီအိုရီတွေ၊ လေ့လာထားပါတယ်ဆိုတဲ့research တွေက ဟိုးအနောက်အရပ်ကနေ လာတာမလား။ လိုတာဆောင် မလိုတာရှောင်တဲ့နည်းနဲ့ပဲ ရှေ့ဆက်ဖြစ်တော့တယ်။
ခုပြောပြရင်းနဲ့ စိတ်ကူးလေး တစ်ခုပေါ်လာတယ်ရော။ Local Knowledge တွေကို စနစ်တကျလေး စုဆောင်းပြီး ကမ္ဘာကြီးကို ချပြချင်လိုက်တာ။ ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာတွေနဲ့ Local Knowledgeတွေကိုသာ ပေါင်းစပ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ အလုပ်တွင်မဲ့ နည်းလမ်းတွေ ထွက်လာမှာပဲ ယုံကြည်တယ်။
ဟောတော့ အံ့ ဩစရာကြီး။ ခုနက တိတ်ဆိတ်ပြီး ကျနေတဲ့ စိတ်ဓာတ်က ခုကျ အားအပြည့်နဲ့ပါလား။ ချကျွေးတဲ့ လက်ဖက်သုပ်လေး စားလိုက် ရေနွေးလေးသောက်လိုက်နဲ့ သူတို့ပြောတာတွေ နားထောင် အပြန်အလှန် စကားဝိုင်းဖွဲ့ချင်စိတ်ပေါက်သွားပြီ။ ကြောင်ကြာကြာ ရေမငုပ်နိုင်ဘူးဆိုတာ ဒါပဲ ထင်ပါရဲ့။
ကဲ... ကဲ... ပြောနေကြာတယ်။ ခုချိန်လောက်ဆို သွားလို့ လာလို့ ရအောင် ရေကျပြီလား
ဘယ်တော့လောက် သန့်ရှင်းရေး စလုပ်ကြမလဲ လှမ်းမေးလိုက်အုံးမယ်။ အလုပ်ကူလုပ်မဲ့သူ တစ်ယောက်တိုးလို့သူတို့ စိတ်ဆိုးမယ် မထင်ပါဘူး။ ကျနော်တော့ အလုပ်တွေ များတော့မှာပဲ။ ဘယ်သွားပြီး ဘယ်စားနေလဲလို့ ပဋိသန္ဓာရ စကား မဆိုဖြစ်လောက်တော့ရင် တစ်ယောက်တည်း ကျိတ်သာ စိတ်ကောက်လိုက်ဗျာ ဟုတ်ပလား။
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာစေပါစေ။

မှ/
အလုပ်များတော့မဲ့သူကြိး





Comments