Flood ကြားက ခံစားချက်များ
- SuLat Phyu
- Sep 17, 2024
- 2 min read
သို့ …ချစ်ရပါသောရေ/
ဘယ်ရောက်နေလဲကွယ်။
ကမ္ဘာကြီးပေါ်မှာ ရှိနေသေးတယ်ဆိုရင် ဘယ်နားပဲရောက်ရောက် ရောက်ရာနေရာကသာ ပြေးလာခဲ့ပေတော့။ အရမ်းရော မတအားရော လိုအပ်နေပြီ။
ဖုန်းတွေဆက် စာတွေပို့နေတာကို မပြန်မိလို့ စိတ်မကောင်းပေမဲ့ ဒီမှာ ပိုပြီး စိတ်မကောင်းစရာတွေ ပြည့်နှက်နေတယ်ဗျ။Yagi မုန်တိုင်းက အဖျားလေးပဲ ခတ်လိုက်ပေမဲ့ ကျနော်တို့ဆီမှာ မကြုံဖူးတဲ့ အရာတွေ အများကြီး ဖြစ်ပျက်ကုန်ပြီ။ အရမ်းလှတဲ့ ကလောလို တောင်ပေါ်မြို့လေး ရေလွှမ်းသွားတာကနေ စလိုက်တာ ဆက်တိုက်ဆိုသလိုပဲ။ ဘာတွေဖြစ်ကုန်လဲဆိုတာ သိချင်ရင် သတင်းဖတ်လို့ရပေမဲ့ ပျက်စီးကြေကွဲသွားတဲ့ နှလုံးသားတွေ ခံစားချက်တွေအကြောင်းတော့ သတင်းမှာ ပါမလာဘူး။
အရင်စာတွေထဲမှာ ရေးတဲ့ ရေကြီးတယ်ဆိုတာက နှစ်တိုင်း ရေလွှမ်းနေကျ အရပ်တွေဗျ။ရေကြိီးနေကျဆိုတော့ ဘာကို ကြိုတင်ပြင်ဆင်ပြီး ဘာကိုမျှော်လင့်ထားရမယ် ဘယ် လေကို ကြည့်ပြီး ဘယ်မိုးတိမ်တောင်ကို ခန့်မှန်းရမယ်ဆိုတာ ရင်းနှီးပြီးသားလူတွေ။ ရေကြီးပြီးရင် နုန်းမြေတွေမှာ ဘယ်အသီးအနှံကို စိုက်ပျိုးရမလဲဆိုတာ သိပြီးသား။ မြစ်ရဲ့ ပိုင်နက်မှာ ကျွန်မတို့က ၀င်နေတာ ဆရာမလေးရဲ့ အဲ့တော့ မြစ်ရေက သူ့နေရာသူ တစ်နှစ်တစ်ခေါက် လာနေတာ ပြီးရင် မြေဆီလွှာ ကောင်းကောင်း ချန်ခဲ့ပေးလို့ ကျွန်မတို့ကတောင် ကျေးဇူးတင်ရသေးတာ လို့ မှတ်ယူထားတဲ့ နေသားတကျ ပျော်ရွှင်နေတဲ့သူတွေလေ။ သူတို့တွေတောင် Climate Changeကြောင့် ရေကြီးတာတွေ ကပြောင်းကပြန် ဖြစ်ကုန်လို့ မနည်းရုန်းကန်နေကြရရှာတာ။ အဲ့တာကြည့်ပြီး စိတ်တွေတိုနေတဲ့ ကျနော်ဟာ ကလောလည်း ရေမြှပ်ရော ပါးစပ်အဟောင်းသားနဲ့ ဆွံ့အသွားတယ်။
ဒီနှစ် အစပိုင်းမှာတုန်းကတောင် ကလောကို ရောက်ခဲ့သေးတယ်။ ခရီးသွားဧည့်သည်တွေ များလာလိုက်တာ။ တောင်ပေါ်တစ်လျှောက်လည်း အိမ်အသစ်လေးတွေ ဟိုတယ်လှလှ အသစ်တွေ ဆောက်ထားလိုက်တာများ ။ သြော်…ဒီမြို့လေးပဲဖြစ်ဖြစ် စီးပွားရေး ပြေလည်တာ ကောင်းပါတယ်လေလို့တောင် တွေးမိတယ်။ လူဉီးရေ တိုးပွားမှုကြောင့် သစ်တောတွေ ပြုန်းတီးကုန်တာ ရေလိုအပ်ချက်တွေ များလာတာကို မျက်စိမှိတ်ပြိီး မမြင်ချင်ယောင်ဆောင်ပစ်လိုက်တယ်။ ဘာဖြစ်နိုင်တယ်ဆိုတာ သိပေမဲ့ သတိမရချင်ဘူး။ မဖြစ်လောက်ပါဘူးလို့ ဆူးပုံနင်းဖို့ ကြိုးစားမိခဲ့တာပေါ့။
အခုတော့ ခြေဗလာနဲ့ ဆူးပုံထဲ၀င်တိုးမိတော့ ဆူးစူးတာကို ကြုံရပြီ။ တစ်ခုပဲ ဆူးက ပုဆိန်သွားလောက်ကြိီးဗျ။ တောင်ကျရေကြောင့် တစ်မြို့လုံးနီးပါး ရေလွှမ်းသွားခဲ့တယ်။ မမျှော်လင့်ထားတဲ့ အခြေအနေဆိုတော့ အသက်ရှင်ဖို့တောင် မနည်းအားစိုက်ပြီး အလွတ်ရုန်းခဲ့ရတယ်။ တက်လာတဲ့ရေကို ကြည့်ပြီး ကူကယ်ရာမဲ့ခဲ့ရတယ်။ ဒါဟာ တောင်ပေါ်မှာ ဖြစ်တဲ့ကိစ္စ။
ဒုက္ခဟာ အဖော်မင်တယ်နဲ့ တူပါတယ်။ တောင်ပေါ်ကနေ မြေပြန့်ဆီလည်း ၀င်လည်ပြန်တယ်။ အပူပိုင်းဇုံလို့ သိကြတဲ့ သာမန်အချိန်မှာတောင် ရေရှားတဲ့ သာစည်နယ်တကြော ရေကြီးပါလာရော။ အဲ့အရပ်ဟာ မိုးရေကို အဓိကထားပြီး ရှင်သန်နေရတာ။ နွေရာသီဆို မြေကြီးဟာ ပက်ကြားအက်လို့။ ကန္တာရဆူးခြုံတွေသာ ကြီးစိုးတဲ့ အရပဟာ ခုတော့ ရွာစဉ်တစ်လျှောက် ရေပြင်ကြီး ဖြစ်ကုန်တယ်တဲ့။ ကြားကြားချင်းက ယုံဖို့တောင် ခပ်ခက်ခက်ရယ်။ အဲ့အရပ်မှာ ဖုန်တသောသောကြား လမ်းလျှောက်ခဲ့တုန်းက ရေတွေ ဘယ်နား ကွေ့ရှောင်ပုန်းနေတာလဲလို့ စိတ်ဆိုးမိသေးတာ။ အဲ့လိုကိုခြောက်သွေ့တဲ့အရပ်မှာ ကယ်ပါဆယ်ပါ တစာစာနဲ့ ညတွင်းချင်း ရေတွေလွှမ်းသွားခဲ့တာ။ မတိတ်ဘဲ ဆက်ရွာနေတဲ့ မိုးကို တိတ်လိုက်ပါတော့နော်လို့ တိုးလျိုးတောင်းပန်မိယုံသာ တတ်နိုင်ခဲ့တယ်။
အဲ့တာနဲ့တင် အားမရသေးဘူးထင်ပါရဲ့။ ရမည်းသင်းနယ်တစ်လျှောက်သွားလည်ပြန်တယ်။ တစ်ရွာလုံး ရေအောက် ရောက်သွားတာတွေ အိမ်ခေါင်မိုးပေါ် တက်ထိုင်နေရတာတွေ သစ်ပင်ပေါ် ထိုင်နေရတာတွေ ကိုယ့်မျက်စိရှေ့တင် မိသားစု၀င်တွေ ရေစီးနဲ့အတူ မျောပါသွားတာတွေ။ တွေးကြည့်ယုံနဲ့တင် ၀မ်းနည််းဖွယ်ကောင်းတဲ့ အဖြစ်တွေ ဒီရက်မှာ ဆက်တိုက်ဖြစ်ခဲ့တယ်။
အိမ်တစ်လုံးလုံး ပြိုကျပြီး ရေမျောသွားတာကို ကြည့်ပြိီးအမျိုးသားကြီး တစ်ယောက်ဟာ သွားပြီဟ ခင်မာ၀ေရေ လို့ နင့်နင့်နဲနဲ မြည်တမ်းရှာတယ်။ အဲ့ ဗီဒီယိုလေးကို ကြည့်ရတဲ့ လူတိုင်းဟာ ဒေါ်ခင်မာ၀ေဆိုတဲ့ အမျိုးသမီး အသက်ရှင်သန်ဖို့ ၀ိုင်းဆုတောင်းကြပေမဲ့ ဆုတောင်း မပြည့်ခဲ့ပါဘူး။ အန်တီခင်မာ၀ေဟာ သူ့ရဲ့ သမီးနဲ့တူတူ ရေထဲမျောပါပြီး ဆုံးပါးသွားရှာတယ်။ ရွာလုံးကျွတ် ရေအောက်ရောက်သွားတဲ့ နေရာတွေမှာ ဒီထက်ဆိုးရွားတဲ့ အဖြစ်တွေ ရှိခဲ့မှာပေါ့ဗျာ။ ကလေးလေးကို တင်းနေအောင် ဖက်ထားခဲ့တဲ့ မိဘတွေရဲ့ ရုပ်အလောင်းတွေဟာ သက်သေပေါ့။ ကလေးလေးကို ရေလွတ်အောင် လက်နဲ့ အပေါ်ကို မြှောက်ကိုင်ရင်း ဆုံးပါးသွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရုပ်အလောင်းဟာ မခိုင်တော့တဲ့ နှလုံးသားကို ကွဲကြေသွားစေတယ်။ခြုံးပွဲချ ငိုနေရင်း ကျနော် အိပ်မက်မက်နေတာ ဖြစ်ပါစေလို့ မဖြစ််နိုင်မှန်း သိရက်နဲ့ ဆုတောင်းနေမိတယ်။
အဲ့တာနဲ့တင် မပြီးသေးဘူး။တောင်ပေါ်ကရေဟာ အောက်ပိုင်းကိုလည်း အရှိန််အဟုန်နဲ့ အလည်လာသေးတယ်။ အင်း၀မြို့ဟောင်း မြစ်ငယ် တံတားဉီး တစ်ကြောပေါ့။ ဘယ်လောက်ပဲ မျှော်လင့်ထားထား အဆုံးအရှုံးကတော့ ရှိတာပဲလေနော့။ အမြန်လမ်းမကြီးပေါ်မှာ ရေကျော်လို့ စိတ်ပူခဲ့တာတွေ မန္တလေး အနိမ့်ပိုင်းအရပ်က ဘုရားတနေရတာတွေ အို စဉ်းစားကြည့်တာတောင် ရင်မောရတာတွေပါဗျာ။
ဒါပေသိ မျက်ရည်တွေကြားထဲကပဲ ကျနော်တို့ဟာ ကယ်ဖို့ ကူဖို့ လုံးပန်းကြပါတယ်။ ကယ်ကြပါလို့ Facebookမှာ တက်လာတိုင်း စက်လှေငှား ကြိုးတစ်ချောင်းလွယ်ပြီး သွားကယ်ကြတာပဲ။ ရေဘေးကယ်ဆယ်ရေး စနစ်တကျ သင်တန်းတက်ထားလို့လားလို့ မေးခွန်းထုတ်ရင်တော့ ကျနော် စိတ်ဆိုးမိမှာ။ ကျနော်တို့မှာ ကူညီချင်တဲ့ စိတ််ဆန္ဒပဲ ချမ်းသာတာဗျ။ ပြောပြီးပါပကော ကြိုးတစ်ချောင်းလွယ် ရှိတဲ့ အသက်ကယ် အကျိီ၀တ် အသက်ကယ် ဘောကွင်း ရှိရင် လှေပေါ်တင် ဒီလိုပဲ မိုးထဲရေထဲကြား ပြေးဆင်း ကူကယ်နေရတာပဲ။ ပြည့်စုံအောင် စောင့်နေဖို့ အချိန် ကျနော့်တို့မှာ မရှိဘူး။ မရှိတာကို ထိုင်ငိုနေရအောင်လည်း မအားဘူး။ အဲ့Risksကို ယူလိုက်ရတဲ့အတွက် လောလောဆယ်မှာ ကူရင်းကယ်ရင်းနဲ့ ကယ်ဆယ်ရေးထဲက လူနှစ်ယောက်ဟာ အသက်စွန့်သွားခဲ့ရတယ်။ အသက်ခြောက်ဆယ်ကျော် ဉီးလေးကြီးဟာ သူများကို ကယ်ရင်း ရေစီးထဲမျောသွားလို့ တစ်ညလုံးလုံး သစ်ပင်ကို ဖက်တွယ်နေခဲ့ရတယ်။ ၀မ်းသာစရာက အဲ့ဉီးလေးကြီး အသက်ရှင်တယ်ဗျ။
ကယ်ဆယ်ရေး လုပ်တဲ့သူကလုပ်နေတုန်းမှာပဲ ကျန်ခဲ့တဲ့သူတွေက နိုင်သလောက် ငွေအား၊ င်္လူအား ကူကြသဗျ။ လိုအပ်တဲ့ ရေသန့်တွေထမင်းထုပ်တွေ အ၀တ််ထည်တွေ ဆေး၀ါးတွေ တစ်နိုင်ငံလုံး ၀ိုင်း၀န်းပြီး လှူလိုက်ကြတာဗျာ။ မြင်စေချင်တယ်။ လှူရတဲ့အထဲ မလှူချင်ဆုံးကDead body bag ပဲ။ လိုသေးတယ် ထပ်ပေးအုံးလို့ ပြောတိုင်း ငိုငိုပြီး လှူနေရတာ အဲ့တစ်ခုကိုတော့ တကယ်ကိုထပ်မလှူချင်တော့ဘူး။
ဒါတွေအားလုံးဟာ ခုမှ လုံး၀ကို အစပဲ ရှိသေးတာ။ ဘာမှကို မသိရသေးခင် လက်လှမ်းမီရာ ၀န်းကြ၀ိုင်းကြတုန်းပဲ ရှိသေးတာ။ ဘယ်လောက်ပျက်စီးသွားလဲဆိုတာ မှန်းလို့မရသေးခင် ခုလတ်တလော အရေးပေါ် ကယ်ဆယ်ရေးကာလပဲ ရှိသေးတာ။
အသေအပျောက်လား ကျနော်မသိဘူး။
ပျက်စီးဆုံးရှုံးသွားတဲ့ အိုးအိမ်အလုပ်ကိုင်တွေလား အဲ့တာလည်း ကျနော်မသိဘူး။
ကူညီကယ်ဆယ်ရေး Plan လား အဲ့တာလည်း ကျနော်မသိဘူး။
သိတာက ဒီအချိန်မှာ ဆာလောင်နေတဲ့ လူတစ်ယောက်ကိုပဲဖြစ်ဖြစ် ရေလေးတစ်ခွက် ထမင်းလေးတစ်ထုပ် ကမ်းလင့်ပေးဖို့ပဲ။ မျက်ရည် တတွေတွေစီးကျနေတဲ့ တစ်ယောက်ယောက်ကို နွေးထွေးသွားအောင် ဖက်ပေးထားဖို့ပဲ။ အဲ့လောက်ပဲ ကျနော် စဉ်းစားနိုင်တော့တယ်။ ကြုံရတာတွေ အရမ်း များလွန်းလို့ ဘယ်ဟာကနေစပြီး စနစ်တကျ ဖြေရှင်းရမယ်မှန်း ကျနော်မသိတော့ဘူး။ နှလုံးသားကြီး တစ်ခုလုံးလည်း နာကျင်ရလွန််းလို့ ၀မ်းနည်းစရာဆိုတာ ဒီတစ်ဘ၀စာအတွက် လုံလောက်ယုံတင်မက ပိုလျှံနေတာ ဘယ်နှစ်ဘဝစာမှန်းတောင် မသိတော့ဘူး။
မျက်ရည်သုတ်ပေးဖို့ဆိုတာထက်ဗျာ
ပြန်လည်ထူထောင်ရေးလုပ်ရမှာတွေ တောင်လိုပုံနေပြီမလို့
ရောက်ရာအရပ်က ဘာပဲဖြစ်နေနေ ရှိသမျှ အကုန် ပစ်ချပြီး
ပြန်လာခဲ့တော့ဗျာ။

ခင်ဗျားရဲ့
လိုအပ်နေသူကြီး





Comments