top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

Introduction to Floods and Climate Change

  • Writer: SuLat Phyu
    SuLat Phyu
  • Sep 25, 2024
  • 2 min read

အိမ်ထဲကို ရေတွေ တ၀ေါ၀ေါ ၀င်လာတာ

ဘယ်နေရာပြေးရမှန်းမသိအောင် ကြည့်လေရာ ရေပြင်ကျယ်ကြီး ဖြစ်သွားတာ

တစ်ည တစ်မနက်အတွင်း အားလုံးဆုံးရှုံးလိုက်ရတာ

ဒီအရာတွေကို ကိုယ်တိုင်ကိုယ်ကျ မကြုံဖူးရ်င်အောင်

ကြားဖူးမြင်ဖူးကြမယ် ထင်ပါတယ်။

ဒါဟာ ရေကြိီးခြင်းပေါ့ဗျာ။


ခုနောက်ပိုင်းနှစ်တွေမှာ Climate Change ကြောင့် ရေကြီးတာတွေ ပိုပြီး အကြိမ်ရေ စိပ်လာပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေလည်း ပိုများလာတယ်။ အဲ့တော့ ကျနော်တို့ Climate Change နဲ့ ရေကြီးတာရဲ့ကြားက ဆက်နွယ်မှုတွေကို လေ့လာဖို့ လိုအပ်လာပါတယ်။ ဒါကို သိထားမှသာ ကျနော်တို့ကိုယ်တိုင်ရော ကျနော်တို့ချစ်ရသူတွေရော ကျနော်တို့ ပတ်၀န်းကျင်ကသူတွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှာပါ။


ရေကြီးတယ်ဆိုတာ ဘာလဲ?


ကျနော်တို့ ပထမဆုံး Climate Change ရဲ့ အကျိုးသက်ရောက်မှုမပါတဲ့ ရေကြီးခြင်းကို အရင်လေ့လာကြည့်ရအောင်။


ရေကြီးတယ်ဆိုတာက သဘာ၀ဖြစ်စဉ်တစ်ခုပါပဲ။

ပုံမှန်အားဖြင့် ခြောက်သွေ့နေတဲ့ ကုန်းမြေပေါ်ကို ရေတွေ ခဏတာ ၀င်ရောက်လာတယ်။ အဲ့တာကို ကျနော်တို့က ရေကြီးတယ်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်က အကြောင်းအမျိုးမျိုးနဲ့ ဖြစ်နိုင်သလို သဘာ၀ရဲ့ ဖြစ်စဉ်တွေထဲမှာလည်း တွေ့ရအများဆုံးနဲ့ အန္တရာယ်အရှိဆုံးပါ။


ရေကြီးမှု အမျိုးအစားများ


ရေကြီးတာကို အမျိုးအစားခွဲကြည့်ရင် လေးမျိုး တွေ့ရနိုင်ပါတယ်။


River Flood

မိုးအရမ်းများလို့ဖြစ်ဖြစ် နှင်းခဲတွေ အရည်ပျော်လို့ပဲ ဖြစ်ဖြစ် မြစ်ထဲမှာ ပုံမှန်ရှိနေကျရေထက် များလာပြီး မြစ်ကမ်းပါးတွေ ကျော်အောင် ရေတွေတိုးလာတာပါ။ မြစ်ရေတိုးတယ် မြစ်ရေတက်တယ် ပေါ့ဗျာ။

Flash Flood

အချိန်တိုအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရုတ်တရက် ချက်ချင်း အရှိန်ပြင်းပြင်း ပမာဏ များများနဲ့ ရေတွေ တက်လာတာကို Flash Floodလို့ ခေါ်ပါတယ်။ ရေစီးရေလာ နေရာမရှိရင် ရေမြောင်းစနစ် မကောင်းရင် အများဆုံး ဖြစ်တတ်ပါတယ်။


Coastal Flood

မုန်တိုင်းတွေ တိုက်ခတ်ပြီးနောက် ပင်လယ်နဲ့ထိစပ်နေတဲ့ အရပ်တွေမှာ ပင်လယ်ရေတွေ ကုန်းတိုင်းပိုင်းကို ၀င်ရောက်လာတာမျိုးပါ။


Urban Flood

မြို့ပြတွေမှာ တိုးတက််လာတာနဲ့အမျှ ရေမြောင်းစနစ်က အမီမလိုက်နိုင်တဲ့အခါ မိုးပြင်းပြင်းထန်ထန် ရွာလိုက်ပြီးဆိုတာနဲ့ ရေလွှမ်းသွားတာမျိုးကို ခေါ်ပါတယ်။


ရေကြီးခြင်းရဲ့ အကျိုးဆက်


ရေကြီးတာရဲ့ နောက်ဆက်တွဲကတော့ ခုလက်ငင်းကို ကျနော်တို့ ကြုံတွေ့ခံစားနေရတာဆိုတော့ ထူးထွေပြီး ပြောဖို့ လိုတော့မယ် မထင်ပါဘူး။ ကျနော်တို့တင်လားဆိုတော့ မဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်း လူပေါင်း သန်းချီအောင် ခံစားရတာပါ။ မြို့ကြီးပြကြီးပဲဖြစ်ဖြစ် နယ်ဘက်ကျေးလက်ပဲဖြစ်ဖြစ် နေရာမရွေး ရေကြီးတာကို ခံရနိုင်ချေရှိပါတယ်။ အဆောက်အဉီး စည်းစိမ် ဉစ္စာတွေတင်မက အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ရေကျသွားခဲ့သည်ဆိုအုံးတော့ စီးပွားရေး အသက်မွေးကြောင်း လုပ်ငန်းတွေကို ဆုံးရှုံးနှောင့်နှေးစေတဲ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြင်လွယ်တဲ့ ဉပမာဆို မသန့်ရှင်းတဲ့ရေသောက်မိရာက ၀မ်းပျက်၀မ်းလျှောဖြစ်နိုင်ပြီး အသက်ဆုံးရှုံးရတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။


အဲ့တော့ ကျနော်တို့ Climate Changeဘက် လှည့်ကြစို့


Climate Changeကြောင့် ရေကြီးတဲ့ ကြိမ်ရေနဲ့ ပမာဏ များလာတယ်လို့ ဆိုကြပါတယ်။ဘယ်လိုပုံ ဘယ်လိုနည်းနဲ့များ ဒါက ရေကြီးတဲ့ဖြစ်စဉ်မှာ ၀င်ပါနေတာလဲ?


အပူချိန် မြင့်တက်လာမှု

အပူချိန်တွေ မြင့်လာတော့ လေပူတွေ များလာတယ်။ လေပူတွေက အစိုဓာတ်ကို ပိုထိန်းထားတယ်။ အဲ့တော့ မုန်တိုင်းတိုက်တဲ့အခါ ပိုပြီး ပြင်းထန်တဲ့ အချိန်ကြာတဲ့ မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်စတယ်။ အကျိုးဆက်ကတော့ မြစ်ရေကြီးတာတွေ၊ မြို့ပြမှာ ရေကြီးတာတွေ ပိုဖြစ်လာတယ်။


ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေ မြင့်တက်လာခြင်း

ကမ္ဘာ့အပူချိန်တွေ မြင့်လာတော့ ၀င်ရိုးစွန်းမှာရှိတဲ့ ရေခဲတောင်တွေ အရည်ပျော်နှုန်း များလာတယ်။ ပင်လယ်ထဲကို စီး၀င်တော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ အဲ့တာက Coastal Flood ဖြစ်နှုန်းကို ပိုမြင့်သွားစေပါရောဗျာ။


ပြင်းထန်တဲ့ ရာသီဉတု ဖြစ်စဉ်

Climate Changeက သဘာ၀အတိုင်း ဖြစ်ပေါ်တဲ့ ရာသီဉတုဖြစ်စဉ်ကို ကမောက်ကမဖြစ်စေပါတယ်။ အဲ့တော့ အဖျက်စွမ်းအားပြင်းတဲ့ ဟာရီကိန်းတွေ ဆိုင်ကလုန်းတွေ ခဏခဏ ဖြစ်ရော ဆိုကြပါတော့ဗျာ။


မြို့ပြဖွံ့ဖြိုးမှုနဲ့ မြေအသုံးချမှု ပြောင်းလဲခြင်း

သစ်ပင်တွေ ခုတ်ကြတယ် မြို့ပြတွေ ချဲ့ကြတယ်။အကျိုးဆက်ကတော့ မြင်သာထင်သာအရှိဆုံး ပြောရရင် မြေကြီးကနေ ရေကို စုပ်ယူနိုင်စွမ်းတွေ ကျလာတယ်။ ရေဝေရေလဲဒေသတွေ ကျဉ်းမြောင်းကုန်တယ်။ ရေလဲကြီးရော အကုန်လုံး မရှုနိုင် မကယ်နိုင် ဒုက္ခရောက်ကြရရော။


ရေကြီးတာက ဘာလို့ ပိုပြီး ပြင်းထန်လာတာလဲ။


အရင်အရင့်ကလည်း ရေကြီးဖူးပါတယ်

ဒီလောက်မဆိုးရွားပါဘူး ဘာလို့ အခုမှ ဆိုးရွား နေရတာလဲလို့ မေးခွန်းထုတ်မိကြမှာပါ။

အဓိကအကြောင်းအရင်းကတော့ ကျနော်တို့ နေထိုင်တဲ့ နေရာတွေက ရေကြီး ရေလျှံမှု ဖြစ်နိုင်ချေများတဲ့နေရာတွေ ဖြစ်ကုန်လို့ပါ။ မြို့ပြမှာ လျင်လျင်မြန်မြန် တိုးပွားလာတဲ့ လူဉီးရေရယ်၊မြေစီမံအသုံးချမှုတွေ အားနည်းတာရယ်ကြောင့်လည်း ပါပါတယ်။


ထပ်ဖြည့်ပြောရရင် မုန်တိုင်းတွေရဲ့ ပြင်းအားများလာတာနဲ့အမျှ အချိန်တိုအတွင်း မိုးရေပမာဏများများနဲ့ ရွာသွန်းတာကို ကြုံလာရပါတယ်။ ရေမြောင်းစနစ် မလုံလောက်တာ ၊အားနည်းတာတွေ ဖြစ်လာပြိး မြို့ပြတွေမှာ ရေကြီးရေလျှံတာတွေ ပိုကြုံလာရပါတယ်။ ပြီးတော့ ခုလိုမျိုး Climate Change ကြောင့် ဖြစ်လာနိုင်တဲ့ ရေကြီးတာကို ကာကွယ်နိုင်မဲ့၊ခံနိုင်ရည်ရှိတဲ့ အဆောက်အဉီးတွေ ရေမြောင်းစနစ်တွေ မရှိတာကြောင့်လည်း ရေကြီးတာဟာ ဟိုးအရင်ကထက် ပိုပြီး ပြင်းထန်လာတာပါ။


ကျနော်တို့ ဘာလုပ်နိုင်သလဲ?


ဘာကြောင့်ဖြစ်သလဲဆိုတာကို သိရင် ဘာလုပ်ကြမလဲဆိုတဲ့ လမ်းစ ပေါ်လာပါတယ်။ ရေကြီးတာက သဘာ၀ဖြစ်စဉ်တွေထဲက တစ်ခုမလို့ ရှောင်လွှဲလို့ မရပေမဲ့ Climate Changeကြောင့် ပိုမိုပြင်းထန်လာတဲ့အတွက် Climate Change ဖြစ်အောင် လုပ်နေတာတွေကို ကျနော်တို့ စွန့်လွှတ်ရမဲ့ အချိန် ရောက်လာပါပြီ။ ထပ်ပြောပါရစေ။ Climate Change ဖြစ်အောင် လုပ်နေတာတွေကို ရပ်ကိုရပ်ရတော့မယ် အချိန်ပါ။ တွေ၀ေနေရမဲ့ အချိန် ကုန်သွားခဲ့ပါပြီ။


အဲ့လိုစွန့်လွှတ်လိုက်ရတောင် ခုထိ လုပ်လာတဲ့ အကျိုးဆက်တွေကိုတော့ မလွဲမသွေ ခံစားရအုံးမှာပါ။

ကျနော်တို့တွေ ရေကြီးတာနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ရမှာတွေ၊ရေကြီးနေစဉ်နဲ့ ရေကြီးပြီးနောက် လုပ်သင့်တာတွေကို သေချာ နည်းဗျူဟာတွေချ၊ပြင်ဆင်ထားခြင်းဖြင့်သာ ကျနော်တို့ကိုယ်တိုင်အတွက်ရော ကျနော်တို့ချစ်တဲ့သူတွေကိုရော ကျနော်တို့ ပတ်၀န်းကျင်ကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။




Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page