top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

Climate Justice

  • Writer: SuLat Phyu
    SuLat Phyu
  • Aug 25, 2024
  • 2 min read

သို့...ချစ်ရပါသောရေ/


ကျန်းမာပျော်ရွှင် စိတ်ကြည်လင်စေဖို့ မျှော်လင့်ပါတယ်။ 


ဆောင်းဉီးရာသီတောင် ရောက်တော့မယ်နော်။ နှစ်တစ်နှစ်ရဲ့ အကြိုက်ဆုံး ကာလပေါ့။ သက်တောင့်သက်သာရှိပြီး ရာသီဉတုက အေးချမ်းတယ်လေ။ ဒါပေမဲ့ မနှစ်ကတော့ ကျနော်နေတဲ့ အရပ်မယ် တော်တော်နဲ့ မအေးဘူးဗျ။ အဲ့တာနဲ့ပဲ အသစ်၀ယ်ထားတဲ့ အနွေးထည်တွေ ၀တ်ချင်လွန်းလို့ အေးတယ်လို့ ဆိုကြတဲ့ မြို့လေးသွားပြီး စတိုင်ထုတ်ခဲ့ရတယ် ဟဲဟဲ။ ရာသီဉတုအေးမြမှုက ကျနော့်ဆီ ရောက်မလာတော့လည်း ကျနော်က သူ့ဆီ ရောက်အောင် သွားမှာပေါ့။ ဘာခက်လို့လဲ။ 


ဒါပေမဲ့နော် ကျနော်သဘောကျတဲ့ ရာသီဉတုကို ကြုံရဖို့ ကျနော်က ဘယ်လောက်၀ေး၀ေးထိ သွားရမှာလဲ။ သွားနိုင်မှာလဲ…

ရာသီဉတုက ပြောင်းလဲတာ ကြာနေပြီလေ ကျနော် အလွယ်တကူ သွားနိုင်တဲ့မြို့လေးမှာလည်း အရင်လို မဟုတ်ဘဲ တော်တော်လေး ပူလာပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရလည်း မြင်သာထင်သာ ရှိယုံမကအောင်ကို ပြောင်းလဲကုန်ပြီ။ 

ပုံမှန်တော့ လူတွေက ဒီနှစ်ပိုပူတယ်နော် ပိုအေးတယ်နော် မိုးပိုများတယ်နော် အဲ့လောက်ပဲ ရာသီဉတုနဲ့ ပတ်သက်ပြီး ပြောကြတယ်။ တချို့ကကျ ရာသီဉတု ဖောက်ပြန်သွားပြီလို့ ဆိုကြတယ်။ ဟင့်အင်း ဖောက်ပြန်တယ်လို့တော့ မသုံးချင်ပါဘူး။ လူတွေကြောင့် ဖြစ်ရတာလေနော်။ ရာသီဉတု ပြောင်းလဲမှု Climate Change ဆိုတာက ကမ္ဘာ့ကြီးရဲ့ ပျမ်းမျှအပူချိန်တွေ တစ်နေ့တာ ရာသီဉတု ပုံစံတွေ ကာလကြာရှည်စွာ ပြောင်းလဲသွားတာကို ပြောတာမှန်း အားလုံးနီးပါး သိပြီးသားပါ။ ဘာကြောင့် ပြောင်းလဲကုန်လဲဆို (Greenhouse Gases) လို့ ပြောကြတဲ့ (Carbon dioxide,methane,etc) တွေက လူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် လေထုထဲကို အများကြီးမှ အများကြီး ပိုရောက်ကုန်တယ်။ အဲ့တာတွေက နေကလာတဲ့ အပူတွေကို ဒီကမ္ဘာကြီးထဲမှာပဲ ပိတ်မိနေအောင် လုပ်တော့ ကျနော်တို့ ကမ္ဘာကြီးက ပိုပူလာတယ်။ အဲ့ (Greenhouse Gases)တွေက ဘယ်က ထွက်သတုံး မေးရင် ကျနော်တို့တွေ Fossil fuels တွေကို Energyအတွက် မီးရှို့ကြတယ်။ သစ်ပင်တွေခုတ်ပြီး သစ်တောပြုန်းအောင် လုပ်ကြတယ်။ စက်မှုလုပ်ငန်းတွေ စက်ရုံတွေကနေလည်း ထွက်‌သေးတယ်။ စိုက်ပျိုးမွေးမြူရေးတွေကနေလည်း ထွက်တယ်။အဲ့တာကြောင့် ပြောတာ။ Climate Changeက ကျနော်တို့တွေ လုပ်တာ။ လူသားတွေကြာင့်ပါဆို။


ရာသီဉတု ပြောင်းတော့ ဘာတွေဖြစ်လဲဆို ပင်လယ်ရေမျက်နှာပြင် ပိုမြင့်တက်လာရာကနေ ရာသီဉတု ပိုပြင်းထန်လာတယ် အဲ့ကနေမှ တစ်ဆင့် ဂေဟစနစ်တွေ ပြောင်းလဲကုန်ရော။အလွယ်ဆိုရရင်  ပိုပူလာတယ် ပိုအေးလာတယ်  မိုးခေါင်လာတယ် အချိန်အခါမဟုတ် မိုးတွေသည်းထန်လာတယ် ရေကြီးတာတွေ ပိုများလာတယ် ရေရှားလာတယ်။ နောက်ဆက်တွဲအနေနဲ့  စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးအကုန်လုံး ကမောက်ကမဖြစ်ပြီး လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာတယ်။ဘယ်သူမပြု မိမိမှုတွေပေါ့ဗျာ။


ဒါပေသိ ဘယ်သူမပြု မိမိမှု ဆိုပြီး တာ၀န်ခံတဲ့နေရာမှာ စိတ်ထဲ မတင်မကျဖြစ်နေတာလေး တစ်ခုရှိတယ်။ မကျေနပ်တာဆိုရင် ပိုမှန်မယ်။ ခင်ဗျားမို့လို့ ပြောပြတာနော်။ စဉ်းစားကြည့်ဗျာ… ကျနော်တို့လည်း Energyအတွက် လောင်စာသုံးတယ် စက်ရုံအလုပ်ရုံတွေရှိတယ် သစ်တောတွေ ခုတ်တယ်။မငြင်းပါဘူး ၀န်ခံပါတယ်။


 ဒါပေမဲ့ ကျနော်တို့ အဲ့လိုတွေ လုပ်တာ ဘယ်နှစ်ရာစု ရှိသေးလို့လဲ။ လွယ်လွယ်စဉ်းစားရင် ကျနော်တို့ဆီမယ် ကားတွေ တွင်တွင်ကျယ်ကျယ် သုံးတာ မျိုးဆက် ဘယ်နှစ်ခု ရှိသေးလို့တုံး။ပြီးတော့ စက်ရုံ အလုပ်ရုံ အကြီးကြီးတွေရှိတာရော ဘယ်လောက်ရှိသေးလို့တုံး။ စက်မှုတော်လှန်ရေးခေတ်ဉီးစတာ ကျနော်တို့ဆီက မဟုတ်သလို ကျနော့်အဖိုးခေတ်ကတောင် ခြူသံတညံညံနဲ့ နွားယဉ်လေး စီးရတာ ပျော်တုန်းဗျ။ ပြီးတော့ အမှန်အတိုင်း ၀န်ခံရရင် ကျနော်တို့က ဆင်းရဲတယ်လေ။ သူများတွေ ချမ်းသာနေသလို ကျနော်တို့လည်း ချမ်းသာချင်တာ‌ပေါ့။ အဲ့တာကြောင့်မလို့ သူများတွေ ချမ်းသာလာစေရတဲ့ အကြောင်းရင်းတွေကို ကျနော်တို့လည်း လိုက်လုပ်ချင်တယ်။ စက်မှုဖွံ့ဖြိုးတိုးတက်လာလို့ ငွေကြေးအင်အား တောင့်တင်းလာတယ်။ ငွေကြေးအင်အား တောင့်တင်းလာတော့ နည်းပညာပိုင်းကို ပိုအာရုံစိုက်နိုင်ပြီး အသစ်အသစ်သော နည်းပညာတွေ ဖန်တီးလာနိုင်တယ်။ နည်းပညာ လှိုင်းလုံးကို စီးပြီး ဓနအင်အား ပိုတောင့်တင်းလာတယ်။ မိသားစုကို ဖြစ်လာနိုင်တဲ့ သဘာ၀ဘေး လူလုပ်ဘေးတွေကနေ လွတ်ကင်းအောင် ကြံဆောင်နိုင်လာတယ်။ ကျနော်တို့လည်း အဲ့လို ဖြစ်ချင်တာပေါ့။ ကျနော်တစ်ယောက်က စက်မှုဖွံ့ဖြိုးရေး လှိုင်းလုံးကို နိုင်နင်းအောင် လုပ်ပြီး ကျနော့်ညီမလေးတွေ‌ မောင်လေးတွေကို နည်းပညာလှိုင်းလုံးမှာ ပျော်ပျော်ကြီး စီးနင်းစေချင်တယ်။ ကျနော်အဲ့လိုမျိုး အင်တိုက်အားတိုက်  လုပ်မယ် ဆိုကာမှ ဟင့်အင်း လုပ်လို့မရဘူး ကမ္ဘာကြီး ပျက်စီးကုန်မယ်လို့ အဲ့လိုနည်းနဲ့ ချမ်းသာလာတဲ့သူတွေက ဆိုကြတယ်။ အချက်အလက်နဲ့ ကိန်းဂဏန်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခိုင်ခိုင်မာမာ ဆိုလာကြတော့ ဟုတ်တာပေ့ါ ချမ်းသာချင်တာ တစ်ခုတည်းအတွက်နဲ့တော့ ကမ္ဘာကြီးကို ချနင်းရလောက်တဲ့အထိတော့ ကျနော် မယုတ်မာပါဘူးလေ။


မရယ်ရတဲ့ ဟာသက ရာသီဉတု ပြောင်းလဲမှု အကျိုးဆက်တွေကို မျက်ဝါးထင်ထင် ကြုံတွေ့ရတာက အများအားဖြင့် ကျနော်တို့ဆီမှာဗျ။ ကျနော်တို့ နေထိုင်ရာ အရပ်ဒေသတွေဟာ ပထဝီအနေအထားအရ ရာသီဉတု ပြောင်းလဲမှုဒဏ်ကို မခံနိုင်တဲ့ နေရာတွေ ဖြစ်နေတယ်။ အဲ့ဒဏ်တွေ ကြုံလာရတော့လည်း ကြံ့ကြံ့ခံရင်ဆိုင်ဖို့ (resources) တွေ အကန့်အသတ် ရှိတယ်လေ။ ရှင်းရှင်းပြောရရင် ပိုက်ဆံ မရှိဘူးလေ ပိုက်ဆံမရှိဘူး။ စိုက်ပျိုးမွေးမြူရေးကို အားထားနေရတဲ့သူတွေမလို့ ရာသီဉတုပြောင်းတာနဲ့ ဆုံးရှုံးမှုတွေ များလာရော။ မညှာတမ်း ပြောရရင် ဆင်းရဲတာနဲ့ အဲ့ဒဏ်တွေ ခါးစည်းခံနေရပါရောလား။ 


မုန့်စားတုန်းကကျ ကျနော်က အလှမ်းဝေးနေလို့ မုန့်ကုန်ခါနီးမှ နည်းနည်းလေး စားလိုက်ရပြီး တုတ်ဝေတော့ကျ ကျနော်လည်း ပါတယ် တူတူပဲ အရိုက်ခံကြစို့ ဆိုတော့ 

အင်းပါ…ဟုတ်ပါပြီ ကျနော်လည်း ပါပါတယ် မငြင်းပါဘူး ဒါပေမဲ့ တူတူဆိုတာကိုတော့ အလိုမကျဘူး။

ငါတို့ကမ္ဘာကြီးမလို့ တစ်ခုခု ဖြစ်ရင် ငါတို့အတူတူ ဆိုတာကို လက်ခံတယ်။

တာ၀န်ခံမှု တာ၀န်ယူမှု နေရာမှာတော့ ကိုယ်မလုပ်ထားတဲ့အရာကိုပါ ခေါင်းခံပေးဆိုလို့ကတော့ 

ကျနော့် တစ်ကိုယ်ရေအတွက် ခန္တီပါရမီ ထပ်ဖြည့်ဖို့ လိုအုံးမယ်။ 

ညစ်ကျယ်ကျယ် စိတ်နဲ့ ကျနော်လည်း သူတို့လုပ်သလောက် လုပ်ပြီးမှ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်လေ။

တကယ်ခံနေရတဲ့ ကျနော်ကကျ လူဆိုးဖြစ်ပြီး သူတို့ကကျ ကယ်တင်သူဇာတ်လိုက်ဖြစ်နေရင် ကျနော်လည်း အဲ့ဇာတ်ကို ဘယ်ကချင်ပါ့မလဲ မဟုတ်ဘူးလား။


ကျနော် ခုပြောနေတာတွေ အကုန်လုံးက Climate Justice ကို တစ်ခု၊တစ်ယောက်ဆိုတဲ့ ဧက၀စ်ကိန်းပြောင်းပြိီး အရိုးရှင်းဆုံး ပုံစံဖြစ်အောင် ကြိုးစားကြည့်တာပါ။ တကယ်တမ်းမှာ ကျနော်တို့ မမြင်ရတဲ့ ရှုပ်ထွေးမှုတွေ၊ လူ့အဖွဲ့အစည်းရဲ့ အမှောင်ရိပ်တွေ၊ သိပ္ပံပညာကို လူသားတွေ လိုရာဆွဲသုံးပစ်တဲ့ ဘက်လိုက်မှုတွေ အစရှိသဖြင့် အများကြီးမှ အများကြီး ရှိသေးတယ်။ ရင်နာနာနဲ့ ဝန်ခံရရင်‌တော့ ကမ္ဘာကြီးက မမျှတဘူးဆိုတာ အမှန်တရားဗျ။ 


တော်ပြီဗျာ အားလပ်ရက်လေးမှာ ညစ်ညူးသွားရပြီ။


ကော်ဖီလေးသောက်ပြီး နေရောင်အောက် လမ်းလျှောက်ထွက်လိုက်အုံးမယ်။


ဘယ်လောက်ဆိုးတဲ့အရာဖြစ်ဖြစ် ကောင်းကွက်ဆိုတာ သေးသေးလေးဖြစ်ဖြစ် ရှိမှာပါ။


ဘယ်လောက်ကြီးတဲ့ ပြဿနာဖြစ်ဖြစ် ဖြေရှင်းနည်းဆိုတာ ရှိမှာပါ။


ဟုတ်တယ် တွေ့အောင်ရှာလိုက်အုံးမယ် ပြီးမှဆက်ပြောကြတာပေါ့။






သင့်ရဲ့

စိတ်ညစ်ညူးနေသူကြီး

Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page