နဂါးကြီးနဲ့ စကားစမြည် -၁
- SuLat Phyu
- Dec 28, 2023
- 3 min read
ရာသီဥတု ကောင်းတဲ့နေ့လေးပါလား။ ကောင်းကင်ကြီးကလည်း လှလိုက်တာ။ ပြာလဲ့နေတဲ့နောက်ခံပေါ်မှာ ဖြူလွလွ တိမ်တစ်အုပ်က ဟိုပြေးလိုက် ဒီလွှားလိုက် ပုံစံပြောင်းလိုက် သဏ္ဍာန်ချိန်းလိုက်နဲ့။ ပေါ့ပါးလိုက်တာများနော်။
ဟင့်အင်း... အဲ့ဒါက ရေခိုးရေငွေ့တွေ စုသွားပြီး အေးခဲမှုဖြစ်စဥ်ကြောင့် တိမ်ဖြစ်သွားတာ။လေစီးကြောင်း သယ်ဆောင်မှုကြောင့် နေရာရွှေ့နေတာလေ။ ပြီးတော့ ကောင်းကင်ကြီး ပြာနေတယ်ဆိုတာကလည်း နေရောင်ခြည်အလင်းတန်းက ကမ္ဘာ့လေထုနဲ့ ထိတွေ့တဲ့အခါ အပြာရောင်လှိုင်းတွေက ခပ်မြန်မြန်ပျံနှံ့နိုင်တဲ့အတွက် ကောင်းကင်ပြာအဖြစ် မြင်နေရတာ။
အိုး.... ဦးနှောက်ကလေးရေ
တခါတလေလေးများ နှလုံးသားလေး တုံးအတာကို ဒီအတိုင်း လွှတ်ပေးထားလို့ မဖြစ်ဘူးလား။ သိပ္ပံတွေ၊ လောကဓာတ်တွေ လျစ်လျူရှုပြီး ဒီအခိုက်အတန့်လေးမှာ ပျော်ဝင်ခွင့်ပေးလို့မရဘူးလား။ သင်ထားသမျှတွေ၊ ဖတ်ထားသမျှတွေ ခဏမေ့ထားလိုက်ရအောင်။ ' အလှဟူသမျှ မြင်ဘိထားအုံး ခံစားသိတတ် ခံယူတတ်မှ ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏' တဲ့။ ဖတ်ထားဖူးတဲ့ ဆရာဇော်ဂျီ့ ကဗျာ့အပိုင်းအစလေးက auto စနစ်နှင့် ခေါင်းထဲမှာ ပြန်ပေါ်လာတယ်။ သြော်.... အတွေးတွေဟာ ဖတ်ထား၊သင်ထား၊မြင်ထားသမျှရဲ့ ပုံဖော်မှုအောက်မှာ ဖမ်းဆုပ်ဖို့ခက်အောင် ပြန့်ကျဲနေဆဲ။
အသက်ရှူသံ ကျယ်ကျယ် ကြားလိုက်သလားလို့။
တစ်ဆိတ်... စိတ်မရှိရင် အသံလေးတိုးပေးလို့ရမလား တောင်းဆိုဖို့ လှည့်ကြည့်လိုက်တဲ့အခါ.... အလို... နဂါးကြီးတစ်ကောင်ပါလား။ အဲ့တာဆို အသက်ရှုတာမဟုတ်ဘူး။ နှာမှုတ်နေတာပေါ့။ မီးတောက်တွေ ထွက်လာရမှာ မဟုတ်လား။ ငါတော့ နေရောင်ခြည်ဖြာနေတဲ့နေ့မှာ မီးကျွမ်းလို့ သေတဲ့မသာ ဖြစ်တော့မှာပဲ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်း အတွေးတွေဟာ သေဘေးအထိ ခြေဆန့်ပြေးလွှားသွားလိုက်နိုင်တယ်။ အံသြဖွယ်ရာပင်။
အမောင်နဂါး အယ်လေ... မဟုတ်ပါဘူး အသက်ကြီးမဲ့ပုံပဲဆိုတော့ ဦးနဂါးပဲ ဖြစ်မှာ။ အရေးထဲ ဘယ်သူကများ ခုလိုချိန်မှာ အဲ့ဒီ အရေးမပါတဲ့ ယဥ်ယဥ်ကျေးကျေးအသုံးအနှုန်းကို ဂရုစိုက်မှာတုံး။ လိုရင်းပြောရရင် အဲ့နဂါးကြီးက စကားပြောလိုက်သလိုလိုပဲ။ နေပါအုံး... နဂါးက စကားပြောတယ်။ ဒါက ယုတ္တိရောရှိရဲ့လား။ ဒဏ္ဍာရီလာ သတ္တဝါကြီးလေ၊ရှိတယ်လို့ တောင် သက်သေမပြနိုင်တဲ့ သတ္တဝါကြီးက စကားပြောသတဲ့လား။ ဟုတ်ရောဟုတ်ရဲ့လားကွာ။
ဒါနဲ့... သူက ဘာပြောလိုက်တာတုံး။ ဘဝမှာ ဘာဖြစ်ချင်သလဲ ဟုတ်လား။ အဲ့တာက သူနဲ့ ဘာဆိုင်လို့လဲ။ အဲ့မေးခွန်းကြီးက ငါးနှစ်အရွယ် ကလေးတွေကို လူကြီးတွေက ဘာပြောရမယ်မှန်း မသိတဲ့အခါ ထွက်ပေါက်အနေနဲ့ သုံးတဲ့ မေးခွန်းကြီးပဲဟာ။ ဒါပေမဲ့ နဂါးတွေက ပုံပြင်ထဲကအတိုင်း အသက်ထောင်ချီထိ နေနိုင်တယ်ဆိုရင် ငါက သူ့အတွက် ကလေးသာသာပဲ။ ဘာလဲ..တိတ်ဆိတ်နေတာက အနေရခက်လို့ စကားစတာများလား။ တကယ်ပဲ သိချင်လို့လား။
ဘယ်လိုဖြေလိုက်ရမလဲ။ ဘယ်လိုဖြေသင့်သလဲ။ ပုံမှန်ညာနေကျအတိုင်း ပျော်တဲ့အလုပ်လေးလုပ် ဘဝကို အေးဆေး ဖြတ်သန်းမယ်လို့ ဖြေလိုက်ရမလား။ ဒါမှမဟုတ် ဟိုတစ်ယောက် လုပ်နေသလို နိုင်ငံခြားက ဘွဲ့တစ်ခုထပ်ယူအုံးမယ်လို့ ဖြေလိုက်ရမလား။ နာမည်ကြီးတက္ကသိုလ်က လူရိုသေ ရှင်ရိုသေ ဘွဲ့တစ်ခု ယူမယ်။ ခုဘွဲ့က ဟိုအရပ်ကလူတွေနဲ့ ပခုံးချင်းယှဥ်ရင် ကျိတ်သိမ်ငယ်ရလို့။ ဒါပေမဲ့ အဲ့အကောင်းစားဘွဲ့ကြီးရလာရင်ရော ဘာဆက်လုပ်ရမှာလဲ။ဘွဲ့ဓာတ်ပုံကြီးချိတ်ပြီး အိမ်နံရံရှုပ်ယုံ၊ နာမည်နောက်မှာ အမြီးရှည်လာယုံနဲ့ပဲ ရှိမှာ။ အလုပ်မရှိရင် ခွက်ပျောက်မှာပဲ။ မိဘလုပ်စာ ထိုင်စားဖို့လား။ ဟင့်အင်း မိသားစုနောက်ခံက ရတနာစိန်ကျောက် ဇယ်တောက်တဲ့ မျိုးရိုးလည်းမဟုတ်။ ဒါမှမဟုတ် တတ်ထားတဲ့ ပညာတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်မယ်။ ဒုက္ခဆင်းရဲရောက်နေတဲ့ လူတွေကို တတ်နိုင်သမျှ ဖေးမကူညီမယ်လို့ ဖြေလိုက်ရမလား။ နားထောင်လို့တော့ ကောင်းသား။ ရည်ရွယ်ချက်လေးက မွန်မြတ်လိုက်တာ။ ဒါပေမဲ့ အိုးထဲ ဆန်မရှိနေပဲနဲ့ ဘယ်သူ့ကို ထမင်းဖိတ်ကျွေးဖို့ စိတ်ကူးနေတာတုံး။ အူမ မတောင့်လို့ သီလမစောင့်တဲ့ လူတွေထက် ရလေအိုတစ္ဆေကြီးတွေက သြဇာအာဏာထူထောင်တာတွေ ပညာရှိနည်းနဲ့ ခြေထိုးတာတွေ အပြုံးမပျက်လုပ်တဲ့ လောကမှာ သူတော်ကောင်းလေး သွားလုပ်ပြမလို့လား။ တရားရေအေး ပြန်တိုက်ကျွေးပြီး နဂိုစိတ်ခံ အဖြူပျက်လေးပေါ်မှာ ရောင်စုံတွေ ခြယ်ပေးမခံရရင်တောင် ကံကောင်း။
ဒါနဲ့ ကျောင်းတုန်းက ဟိုတစ်ယောက်လေ အိမ်ထောင်ကျပြီး ပျော်ရွှင်နေကြောင်း social media မှာ ဇွတ်တွေ သက်သေထူပြနေတဲ့တစ်ယောက်လေ။ မဆီမဆိုင် နှစ်တစ်ထောင် FA ကြီးရေ... သီတင်းကျွတ်တော့မယ် ဘာညာ လာလုပ်နေတယ်။ ဘယ့်နှယ့်...လောကကြီးကို တစ်ယောက်ထဲ ရင်မဆိုင်ရဲလို့ အားကိုးရှာတဲ့သူကများ၊ ဓလေ့ထုံးတမ်း သေတ္တာကြီးထဲ အသိုင်းအဝိုင်းထင်မြင်ချက်တွေကို အလင်းရောင်လို့ ယူဆပြီးကျေကျေနပ်နပ် ပိတ်ခံထိနေရတဲ့သူကများ၊ လောကသံသရာ ဝင်္ကပါကြီးထဲ ပတ်ပြေးနေရတဲ့သူများ ဘယ်ကိုလာပြီး အသံကျယ်ကျယ် ပြောရဲတာလဲ လို့ ငေါက်ထည့်လိုက်ရ။ ပုံပြင်ထဲက စုန်းမကြီး ဗီဇစိတ်လေး အသာချိုးနှိမ်ထားလို့သာနော်။
အင်း....ဗီလိန်ဇာတ်ရုပ်နဲ့ လောကကြီးကို ခပ်ချဥ်ချဥ်ပြုံးပြဖို့ဆို ငွေယားကလေးလည်း သောင်သာနေမှ။ ခက်တာက ပေါင်းနှုတ်မြှောက်စားတောင် မျက်စိလေးတလည်လည်ဖြစ်တတ်တဲ့ သင်္ချာပါရမီရှင်ဆိုတော့ ငွေကြေးဆိုင်ရာ အရှုံးအမြတ်ဆိုတာ သီအိုရီလောက် ကြွယ်တတ်တာ။ ကိုယ်တိုင်လုပ်ဖို့တော့ စိတ်မကူးရေးချ မကူးပဲ။
အင်း... သေချာစဥ်းစားကြည့်တော့ ကျွန်တော့်မယ် ဖြစ်ချင်တာ မရှိဘူး။ ဟမ်... နေပါအုံး။ ဒါက အမှန်ရော ဟုတ်ရဲ့လား။ ဘာဖြစ်ချင်မှန်း မရှိတာ မဟုတ်ဘူး။ သိကို မသိတာလေ။အဲ့တော့ မသိဘူး ဆိုတာက ပိုမှန်တယ်။
နဂါးကြီးကတော့ ပြုံးလိုက်သလားပဲ။ ရယ်တော့ မရယ်လိုက်နဲ့ဗျ။ တော်ကြာ ရယ်ရင်းနဲ့ မီးတောက်တွေ ထွက်လာရင် ခက်မယ်။
အချိန်တွေ ရှိပါသေးတယ်တဲ့လား။ ဒီမှာ... ဦးနဂါးရ ခင်ဗျားက မသိလို့။ လူ့သက်တမ်းကခင်ဗျားတို့လို ထောင်ချီနေတာမဟုတ်ဘူး။တစ်ရာကျော်ရင်ကို ဟုတ်လှပြီ။ ဆယ်စုနှစ် ခြောက်ခါ ခုနှစ်ခါလောက်ဆို လူအများစုက ဘဝကြီးကို တာတာ့ပြရတော့ကိုးဗျ။ဒီကြားထဲ ခန္ဓာကိုယ်ကြီးက ဟိုနေရာမကောင်း၊ ဒီနေရာပျက်နဲ့။ အပိုပစ္စည်းလေး ကောက်၀ယ်တပ်လိုက်လို့ အဆင်ပြေသွားမှာလည်း မဟုတ်ဆိုတော့ ခက်သားကလား။မွေးကတည်းက သဲနာရီတစ်လုံး ကပ်ပါလာသလိုပဲ။ တဖျောဖျောနဲ့ အချိန်တွေက စီးဆင်းလာလိုက်တာ ဘယ်အချိန် အသက်ရှုရပ်သွားမလဲ မခန့်မှန်းနိုင်ဘူး။ ကျွန်တော့်သဲနာရီကလည်း တစ်ဝက်သာသာလောက်ပဲ ကျန်တော့မလားပဲ။
ပစ္စုပ္ပန်မှာ ရှင်သန်ပါတို့၊ ယုံကြည်ရာလုပ်ရင်း နောက်ဆုံးအချိန်ထိ ဘဝကြီးကို ဖြတ်သန်းပါတို့တော့ မပြောနဲ့တော့ဗျာ။ ကလီရှေးစကားတွေ ပြောပြီး စီးပွားရှာတဲ့သူတွေကြောင့် အဲ့စကားလုံးတွေ တန်ဖိုးကျကုန်တာ ကြာပြီ။ ဆုံးမစကားတွေ၊ စိတ်အားတက်ကြွဖွယ်တွေထက် ဒီအတိုင်းလေးပဲ နားထောင်ပေးလို့ရမလား။
အင်းပေါ့။ ခင်ဗျားထင်သလို ကျွန်တော့်ဘဝက နည်းနည်းတော့ ပျင်းစရာတော့ ကောင်းသပေါ့လေ။ သမားရိုးကျ ဆန်လွန်းတယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။ဒါပေမဲ့လောကဓံဆိုတဲ့ဘဲကြီးက တကယ့် ဗီလိန်အကြီးစားဗျ။ ကျွန်တော့ဘဝကို သူ့ဟင်းချက်စရာများ အောက်မေ့နေသလား မပြောတတ်ဘူး။ ဟိုဟာလေး နည်းနည်း လာထည့်လိုက်၊ ဒါလေး နည်းနည်း လာဖြူးလိုက်။ အရသာလေး ကောင်းနေပြီဆို ရေတွေ ဝေါခနဲ ထပ်ထည့်ပြီး မီးအရှိန်မြင့်လိုက်။ လူလည်း ဟိုဗြိတိသျှတွေကြော်တဲ့ တရုတ်ထမင်းကြော်လို ဖြစ်နေပြီ။ ရုပ်ထွက်က ဟုတ်မလိုလိုနဲ့ တလွဲကြီးဆိုသလို။ ပြောမဲ့သာပြောတာ။ သူမရှိပြန်ရင်လည်း နေရတာ တမျိုးကြီးဗျ။ ပျင်းစရာကောင်းမှာစိုးတာနဲ့ပဲ ဒိုင်အိုဂျီးနီးစ် ခြေရာ လိုက်နင်းရတော့တာပဲ။ ကိုယ့်ခေါင်းထဲတင် မီးခွက်ထွန်းပြီး ပြဿနာအသေးစားလေးတွေ လိုက်စု၊ သေးတဲ့အမှု ကြီးအောင် ကြီးတဲ့အမှု ဧရာမကြီးဖြစ်အောင် အလွန်အကျွံတွေ တွေးတောပြီး မဟားတရားတွေ စိုးရိမ်ပူပန်ပစ်တာလေ။ တကယ့်လက်တွေ့မှာ အဆိုးမြင်ထားသလောက် အခြေအနေ မဆိုးလာတဲ့ အခါကျမှ ... သြော်... ဘဝဆိုတာ နေပျော်စရာကောင်းပါလား။ နေသာ လေလာတဲ့နေ့ရက်တွေ ရှိပါသေးတယ် ဆိုပြီး အကောင်းမြင် မျက်မှန်ကြီး ကောက်တပ်ရတာပ။ ဒီလိုပဲ ကိုယ့်စိတ်နဲ့ကိုယ် ရှာကြံ ရိုလိုကိုစတာ စီးရတာပဲ။ ပျင်းတဲ့ဒဏ်တော့ မခံန်ိုင်ပေါင်ဗျာ။
စကားတွေ အများကြီးပြောလိုက်ရတော့ အာခြောက်လိုက်တာ။ ရေလေး ဘာလေး သောက်အုံးမလား။ ဒါတော့ မလုပ်နဲ့ဗျ။ ရေမဟုတ်ဘူး အရက်ပြန်တွေ။ အင်း... ဘာအရသာ ရှိမလဲ သိချင်လို့ စမ်းသောက်ကြည့်ရမလား စဥ်းစားနေတာ။
ဟာ... ဘယ်နှယ့်... မဟုတ်ပါဘူးဗျ။ ကိုယ့်ကိုယ်ကို သတ်မသေဘူး။ ဒီတိုင်း သောက်ကြည့်ရမလား စိတ်ကူးရင်း လက်ထဲ ကိုင်မိသွားယုံတင်ပါ။ ဘဝထဲက နေ့ရက်တွေက တစ်ပုံစံတည်းလိုလို ဖြစ်နေလွန်းလို့ ငြီးငွေ့ယုံလောက်ပါဗျာ။ သတ်သေဖို့လောက်ထိတော့ သတ္တိမကောင်းဘူးဗျို့။
ကျွန်တော် ခင်ဗျားမေးခွန်းကို ဖြေပြီးပြီလေ။ ဘာဖြစ်ချင်မှန်း မသိပါဘူးလို့။ ကျွန်တော့် မနက်ဖြန်တွေမှာ ဘာလုပ်မယ်လို့လည်း မရှိပါဘူး။ ဒီတိုင်းပဲ ခုလို အချိန်တွေ ထိုင်ဖြုန်းလိုက်၊ မျက်စိရှေ့ ပေါ်ရာ အာရုံလာရာကို passion လို့ ကိုယ့်ကိုယ်ကို လှည့်ဖျားပြီး နေထိုင်သွားလိုက်မှာပါပဲ။ ဒီလိုရှင်သန်မှုပုံစံကြီးနဲ့ အရမ်းကြီးကို ကျင့်သားရသွားပြီ ထင်တယ်။ အသိစိတ်အလိုရဆို ပြင်ရမယ်မှန်း လက်ခံပေမဲ့ မသိစိတ်အလိုရတော့ ကျွန်တော် ဒီနွံထဲမှာ အသားကျနေပြီ။ အသစ်ဆိုတာကို ကျွန်တော် ကြောက်နေသလိုပဲ။အေးဗျ... ကျွန်တော်က သူရဲဘောကြောင်ပြီး သက်တောင့်သက်သာ သိပ်ကြိုက်တဲ့ လူသေးသေးလေးပဲ ဆိုပါတော့ဗျာ။
ဟင်... ပြန်တော့မှာလား။ နေပါအုံးဗျ။ ကော်ဖီလေး ဘာလေး သောက်သွားပါအုံး။ အေးဗျာ... လုပ်စရာတွေ ရှိသေးတယ်ဆိုတော့လည်း မတားတော့ပါဘူးဗျာ။ စကားပြောလို့ ကောင်းသဗျာ။နောက်လည်း ကြုံရင် ၀င်ခဲ့အုံးနော်။ ရော့... ရော့ ခင်ဗျား အဲ့လောက် နောက်ဆံငင်နေရင်လည်း အဲ့အရက်ပြန်ဘူးကြီး ယူသွား။ ရတယ်။ သတ်မသေရဲပါဘူးဆိုမှဗျား။ သူက မယုံဘူး တစ်မှောင့်။
နဂါးကြီးက အတောင်ပံတွေခတ်ပြီး ပြန်သွားသလား၊ ဒီတိုင်းကြီးပဲ မရှိတော့တာလား ကျွန်တော် သတိမထားမိပါ။ ပြတင်းခန်းဆီးစလေးကတော့ တလွင့်လွင့်လူးလျက်။ ကောင်းကင်ကြီးကလည်း အရင်လို ပြာလဲ့လျက်။ တိမ်တွေကလည်း စိန်ပြေးလိုက်တမ်း ကစားလျက်။
အိုး..... Shit ဦးနှောက်ရေ။အဲ့အရေးမကြီးတဲ့ အချက်အလက်တွေ တရစပ်ပို့ပြီး ခွဲခြမ်းစိတ်ဖြာနေတာတွေ ခဏရပ်ကွာ။ ယုတ္တိကျတာ မကျတာတွေကို ဒီသောက်ငတုံး နှလုံးသားက ဘာမှ ဂရုမစိုက်နေဘူးဟ။ အဓိပ္ပာယ်မရှိလည်း ဘာအရေးလဲ။ နဂါးကြီးနဲ့ တွေ့ဆုံမှုကို ပျော်တယ်မလား။ တော်ပြီပေါ့ကွာ။ အခိုက်အတန့်လေးမှာ စီးမျောပျော်၀င်ရင်းပဲ ရှင်သန်သွားကြစို့ကွာ။






Comments