top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

စံပယ်ပန်း တစ်စည်း သူ့အတွက် စည်းခဲ့တယ်။

  • Writer: SuLat Phyu
    SuLat Phyu
  • Feb 28, 2024
  • 4 min read

 

ဘယ်ကိုကြည့်ကြည့် ပန်းစည်းတွေ ချောကလက်တွေ ပလူပျံနေတဲ့ ဒီနေ့ဟာ ချစ်သူများနေ့တဲ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ ကျနော့်အားလပ်ရက် ဖြစ်နေပါတယ်။ ဘာမှလည်း လုပ်စရာမရှိသလို ဘာလုပ်ရမှန်းလည်း မသိလို့ အပြင်ထွက်လာပါတယ်ဆိုမှ ဘယ်နေရာကြည့်ကြည့် အတွဲတွေ အပြည့်။ လူရှင်းလို့ ဆိုပြီး အမြဲထိုင်ဖြစ်တဲ့ ကော်ဖီဆိုင်လေးမှာတောင် နေရာမရှိတော့ပါ။ ယောင်ချာချာနဲ့ ခြေဉီးတည့်ရာ လမ်းလျှောက်နေရင်း ကော်ဖီဆိုင်အသေးလေးတစ်ဆိုင် တွေ့တယ်။ သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်း ခြံတံခါးမှာ ထား၀ယ်မှိုင်းပန်းတွေနဲ့။ ဒီခြံကို အရင်ကတည်းက သတိထားမိပေမဲ့ ကော်ဖီဆိုင်လို့ မသိခဲ့ဘူး။ ဘာသံမှလည်း ဆူဆူညံညံ မကြားရတာမလို့ လူရှင်းလောက်ရဲ့ဆိုပြီး ၀င်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ 

တံခါးမှာ ဆွဲထားတဲ့ ခြူသံကြောင့် ထင်ရဲ့ ခြံ၀န်းထဲက စံပယ်ရုံနားမှာ စာထိုင်ဖတ်နေတဲ့ အမျိုးသမီးကြီးက မော့ကြည့်ပြီး ပြုံးပြတယ်။ အမျိုးသမီးကြီးလို့သာ ဆိုရတယ် ဟိုတစ ဒီတစ ဖြူနေတဲ့ ဆံပင်တွေကြောင့်သာ မဟုတ်ရင် အစ်မလို့ ခေါ်လို့ ရနိုင်လောက်တယ်။

အထဲမှာလည်း ထိုင်လို့ ရတယ်နော် တဲ့

ကျနော့ရှေ့က သစ်လုံးအိမ်လုံးထဲမှာ စားပွဲ၀ိုင်းလေးတွေ တစ်စွန်းတစ်စ မြင်နေရတယ်။ ဘာရယ်ညာရယ်မဟုတ် Hobbit ထဲက အိမ်လေးတွေကို သွားသတိရမိတယ်။ ဆင်ဆင်လေး တူတာဆိုပေမဲ့ပေါ့လေ။

အထဲ၀င်လိုက်တော့မှ အားပါးပါး စာအုပ်တွေ မနည်းမနောပါပဲ။ နံရံသုံးဖက်စလုံးမှာ စာအုပ်စင်တွေ။ စားပွဲတွေပေါ်မှာလည်း စာအုပ်တွေ ဟိုတစ်အုပ် ဒီတစ်အုပ်။ ဖရိုဖရဲ ဖြစ်နေတာကိုက မျက်စိပဒသာ ဖြစ်နေလေတော့ တမင်များ အလှဆင်ထားလားလို့တောင် တွေးမိသွားတယ်။ဟိုငေးဒီငေး ကြည့်နေတုံး ကော်ဖီကောင်တာနောက်က ခုမှ ထွက်လာတဲ့ အမျိုးသားကြီးက မေးတယ်။

ဘာများ သုံးဆောင်မလဲ ခင်ဗျာတဲ့။

တစ်ခေါင်းလုံးဖွေးနေတဲ့ ဆံပင်ဖြူတွေနဲ့ စတိုင်ရော ဉပဓိရောက တော်တော်အထာကျတယ် ဆိုရမယ်။ ကော်ဖီMenu ကြည့်နေတုန်းမှာပဲ စောတုန်းက အ၀င်၀မှာ တွေ့တဲ့အမျိုးသမီးကြီး ၀င်လာတယ်။ ကော်ဖီကောင်တာနောက် ၀င်သွားတော့ သူလည်း ဆိုင်ရှင်ပဲ ထင်ရဲ့။ ဆံပင်တွေကို ဖြစ်သလို စုထုံးပြီး မျက်မှန်အ၀ိုင်းနဲ့ ဒီအမျိုးသမီးကြီးက ကော်ဖီဆိုင်ပိုင်ရှင်ထက် တက္ကသိုလ်က ခပ်ပျော်ပျော် နေတတ်တဲ့ ပရော်ဖက်ဆာ တစ်ယောက်နဲ့ ပိုတူတယ်။ ကော်ဖီမှာနေတုန်းမှာပဲ အမျိုးသမီးကြီးက ဖြတ်မေးတယ်။ 

အန်တီတို့ ဆိုင်မှာ Barista နှစ်ယောက်ရှိလို့ သူဖျော်တာ သောက်မလား အန်တီဖျော်တာ သောက်မလား ရွေးလို့ရတယ်တဲ့။

ရုတ်တရက်ဆိုတော့ ကျနော်ကြောင်သွားတယ်။ သူက ဆက်ပြောတယ်။

အန်တီ့ကို ရွေးရင် ပုံပြင်တစ်ပုဒ် နားထောင်လို့ ရမှာ ဖြစ်ပြီး သူ့ကို ရွေးရင်တော့ အကူအညီတစ်ခု တောင်းခွင့်ရှိတယ်တဲ့။

ဟင် ဒီလိုမျိုးက ကြုံနေကျ မဟုတ်လေတော့ နည်းနည်းတော့ ထူးခြားသလိုပဲ။ ဒါပေမဲ့ အမျိုးသမီးကြီး အပြုံးနဲ့ လေသံက တော်တော်လေး ဖော်ရွေလေတော့ ကျနော့ကို အကြောင်ရိုက်နေတာလို့ မခံစားရဘူး။ ဒီလိုနေ့မျိုးမှာ တစ်ယောက်တည်း ကော်ဖီသောက်ရတာထက်စာရင် ပုံပြင်နားထောင်ရတာ မဆိုးဘူးလို့ တွေးပြီး အမျိုးသမီးကြီးကို ရွေးလိုက်တယ်။ အရွေးခံလိုက်ရတဲ့အတွက် အမျိုးသမီးကြီးက တော်တော်လေး ပျော်ရွှင်သွားပုံပဲ။ ပြုံးပြုံးကြီးနဲ့ Apron ထဲက ငါးထောင်တစ်ရွက် အမျိုးသားကြီးကို ထုတ်ပေးတယ်။

ကော်ဖီဖျော်ဖို့ နင့်ကို ငါ ပြန်ငှားမယ် ငါ့အတွက်ရော သူ့အတွက်ရော ကော်ဖီနှစ်ခွက် ဖျော်ပေးပါလားတဲ့။

ပြီးတာနဲ့ ကျနော့်ဖက်လှည့်ပြီး

ဒီနေ့တနေကုန် သူ တစ်ခါမှ အရွေးမခံရတော့ လုပ်အားခ မရသေးဘူးလေ အဲ့တာကြောင့် အန်တီ သူ့ကို ပြန်ငှားတာ စိတ်မရှိဘူးမလား။

အမျိုးသားကြီးကတော့ လုံး၀ မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ အမျိုးသမီးကြီးကို ပြုံးပြီးကြည့်ရင်း ကျေးဇူးတင်ပါတယ် အကောင်းဆုံး ဖျော်ပေးပါမယ်လို့ ကျနော့်ကို လှမ်းပြောတယ်။

အဲ့အချိန်မှာ အမျိုးသမီးကြီးကတော့ ကျနော့်ကို ဘယ်နားထိုင်ချင်လဲ လှမ်းမေးနေပြီ။

အိမ်ထဲလည်း ထိုင်လို့ ကောင်းပေမဲ့ ဒီနေ့က နေသာလေလာတော့ ခြံထဲက ပိုကောင်းတယ် စံပယ်တွေ ပွင့်နေပြီမလို့ စံပယ်ရုံနား ထိုင်တာ အကောင်းဆုံးပဲတဲ့။အမျိုးသမီးကြီးက ပါးစပ်ကလည်း ပြောရင်း လမ်းလျှောက်ထွက်သွားတော့ ကျနော်မှာ နားထောင်ရင်း သူ့နောက်က လိုက်ရတာပေ့ါ။ ခြံထဲက အပင်တွေကိုလည်း သွားရင်း လာရင်း ရှင်းပြသွားသေးတယ်။ ဆောင်တော်ကူးပန်းတွေ လှပကြောင်းနဲ့ လှမ်းမြင်နေရတဲ့ စက္ကူပင်ကတော့ တစ်နှစ်လုံးနီးပါး ပွင့်တတ်ကြောင်းရောပေါ့။ ဘယ်အပင်ကတော့ ဘယ်အချိန်ဆို ပွင့်တာသီးတာ အစုံပြောသလို သူကိုယ်တိုင်ထိုးထားတဲ့ စတော်ဘယ်ရီယိုပါ ကျွေးအုံးမတဲ့။ တစ်ခြံလုံး Tour လိုက်ပြပြီးနောက်ဆုံးမှာ စံပယ်ရုံနားမှာ အဆုံးသတ်ပါတယ်။အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေတဲ့ စံပယ်တွေကို ကြည့်ရင်း သူက ပြောတယ်။

မင်းက တော်တော်ရွေးချယ်တတ်တာပဲတဲ့။ အန်တီပဲ ရွေးသွားတာ မဟုတ်ဘူးလားလို့ မေးချင်ပေမဲ့ သူက ကျနော့အကြောင်းတွေ မေးနေလို့ ပြန်ဖြေနေရတာနဲ့တင် မေ့သွားရော။ကျနော်တို့ စကားတွေပြောနေတုံးမှာပဲ အမျိုးသားကြီးက ကော်ဖီဗန်းလေးနဲ့ ရောက်လာပါတယ်။ ကျနော့်အတွက် ကော်ဖီက မှန်ပေမဲ့ အမျိုးသမီးကြီးအတွက်ကတော့ ဖန်ခရားလေးပဲ ပါတယ်။ မှာ မထားပေမဲ့ Cheese Cake တွေလည်း ပါလာတယ်။  အမျိုးသမီးကြီးက အမျိုးသားကြီးကို မျက်စောင်းမမည်တဲ့ အကြည့်တစ်ချက် ပို့ရင်း ကျနော့ကို လှမ်းပြောတယ်။

 ငါ့တူရယ် သူက အသက်ကြီးပြီဆိုတော့ မေ့တတ်လာပြီ။ အန်တီကော်ဖီမှာတာ ရေနွေးကြမ်း ယူလာတယ်တဲ့အမျိုးသားကြီးက အမျိုးသမီးကြီးဘေး ၀င်ထိုင်ရင်း ဒီနေ့ သောက်တာ သုံးခွက်ပြည့်ပြီ ရေနွေးကြမ်းနဲ့ Cake ပဲ စားတော့တဲ့။

အမျိုးသမီးကြီးက ဆယ်ကျော်သက်လေးကို မျက်လုံးကို အပေါ်လှန်ပြီး ဟုတ်ကဲ့ပါရှင့်လို့ ညစ်ကျယ်ကျယ် ပြန်ပြောပါရော။

ရိုးရိုလေး ကော်ဖီဆိုင် လာထိုင်တဲ့ ကျနော့မှာ ဘာအပြစ်ရှိလို့ ကံကြမ္မာက သူငယ်ချင်းအတွဲနှစ်ယောက်ကြား ညှပ်နေတဲ့ Third wheel လို ခံစားခိုင်းနေရတာလဲ မဆီတဲ့မှ မဆိုင်ဗျာနော်။

ကော်ဖီသောက်ရမလို cake စားရမလို ယောင်နေတဲ့ ကျနော့်ကို ကြည့်ပြီး အမျိုးသမီးကြီးက ရယ်တယ်။ ကိတ်လည်း စား သိလား စား စားလို့ ဧည့်ခံသေးတယ်။ဘာပြောရမယ်မှန်း မသိတော့ ကျနော်က စံပယ်တွေ မွှေးလိုက်တာ လို့ ပြောမိတယ်။အမျိုးသမီးကြီးက အပြန်ကျ စံပယ်တွေ ခူးယူသွားလေသူများကို ပေးချင်တယ်ဆိုလည်း အန်တီ ပန်းစည်းစည်းပေးလိုက်မယ်တဲ့။

အမျိုးသားကြီးက ၀င်ပြောတယ်။

လှအောင် စည်းတတ်တာလည်း မဟုတ်ဘဲနဲ့ကွာ မဖျက်ဆီးပါနဲ့

တစ်ခွန်းမှ မခံတဲ့ အမျိုးသမီးကြီးကမလှရင် ငါပေးထားတဲ့ စံပယ်ပန်းစည်း ပြန်ပေး သိမ်းထားမနေနဲ့တဲ့။

အဲ့မှာတင် အမျိုးသားကြီးက အားရပါးရ အော်ရယ်ရင်းနှစ်နှစ်ဆယ် ကြာပြီးတဲ့နောက်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူလိမ်ဟာ ၀န်ခံပါပြီ လို့ ဆိုတယ်။အမျိုးသမီးကြီးက ခုမှ သူဘာပြောမိမှန်း သတိထားလိုက်မိပုံပဲ။မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ အမျိုးသားကြီး လက်မောင်းကို တဗုန်းဗုန်း ထထိုးပါလာရော။စဉ်းစားကြည့်ဗျာ တဟားဟား အော်ရယ်နေရင်း လက်မောင်းကို တောင့်ပေးထားတဲ့ အမျိုးသားကြီးရယ် ရှက်ကိုးရှက်ကန်းနဲ့ ထိုးနေတဲ့ အမျိုးသမီးကြီးရယ် ဒီမြင်ကွင်းဟာ ရုပ်ရှင်ထဲက ဇာတ်၀င်ခန်း ဆို ကျော်ပစ်ပါရဲ့ဗျာ။ဘယ့်နှယ့်ကြောင့် ကျနော်က ဒီလိုနေ့မျိုးမှာ ဒါကို live ကြည့်နေရတာတုံး။ကံကြမ္မာကိုပဲ တိတ်တိတ်လေးမျက်လုံးလှန်ပြမိတော့တယ်။

အားရအောင် ထိုးပြီးနောက်မှာ အမျိုးသမီးကြီးက ကျနော့်ကို ပြောတယ်။

သူပြောတာ မယုံနဲ့ အန်တီစည်းတာ လှတယ်တဲ့ ဘယ်သူ့ကို ပေးချင်လဲ ပြောကြည့်။

အဲ့အချိန်မှာ အမျိုးသားကြီးက မင်း ပုံပြင်ပြောပြရမှာလေ လို့ ဆိုရင်း ကျနော့ကို ကယ်တင်ပေးသွားပါတယ်။ပြီးတော့ တစ်ဆက်တည်း Apron ထဲက ငါးထောင်တန် နှစ်ရွက်ထုတ်ပြီး စံပယ်ပန်းစည်း ပုံပြင်ပြောပြလို့ အမျိုးသမီးကြီးကို တောင်းဆိုတယ်။အမျိုးသမီးကြီးက အရောင်းအ၀ယ်သဘောတရားကို ကျေညက်ပုံရတယ်။

ခြံသန့်ရှင်းရေး တစ်ပတ် လုပ်ပေးရင် ‌ပြောပြမယ်တဲ့

နှစ်နှစ်ဆယ်ကဟာကို အမှန်တိုင်း ‌ပြောပြရင် နှစ်ပတ် လုပ်ပေးမယ်လို့ အမျိုးသားကြီးက ဆိုတယ်။

ဖြစ်ရပ်မှန်ဆိုတော့ စျေးကြီးတယ် တစ်လ။

Okay, Deal! လို့ အမျိုးသားကြီးက ဆိုတယ်။

အဲ့အခိုက်အတန့််မှာ Third wheel လေးကျနော်ကတောာ့ ကျနော်ရဲ့ တည်ရှိနေမှုလေးကို သူတို့သတိရပါစေ‌ကြောင်း ကျိတ်ဆုတောင်းနေမိပါတယ်။

ကျနော့် ဆုတောင်းပြည့်တယ် ထင်ပါရဲ့။ အမျိုးသမီးကြီးက ကျနော့်ဘက်လှည့်ကြည့်ပြီး စကားစတယ်။

ဟိုးရှေးရှေးတုန်းက သိပ်သဘောကောင်းပြီး သွက်လက်ချောမောတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်တဲ့။

အမျိုးသားကြီးက ဖြတ်ပြောပြန်တယ်။

ဖြစ်ရပ်မှန် ပြောကွာ။

အမျိုးသမီးကြီးက စုတ်တစ်ချက်သပ်ပြီး ငါ့ရှုထောင့်က အဲ့တာ ဖြစ်ရပ်မှန်ပဲ မကျေနပ် ကိုယ့်ဘာသာပြောတဲ့

အမျိုးသားကြီးက တဟားဟား ရယ်ပြန်တော့ ခုနကလို ထိုးပွဲကျိတ်ပွဲတွေ ဖြစ်မှာစိုးတဲ့ ကျနော်ကပဲ

ဆက်ပါအုံး အန်တီလို့ ပွဲ၀င်ထိန်းလိုက်ရတယ်။

အဲ့မိန်းကလေးက ပန်းတွေနဲ့ အလှမ်း‌ဝေးတယ်တဲ့။ လှတယ် မွှေးတယ်ဆိုတာအပြင် ပိုမသိတဲ့ အဲ့မိန်းကလေးက အသက်နှစ်ဆယ်ကျော် ပတ်ချာတုန်းကတော့ နှင်းဆီဖြူတွေချည်း ပါတဲ့ ဖြူလွလွ ပန်းတစ်စည်း လိုချင်စိတ် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက မရခဲ့ရှာဘူးတဲ့။

ပေးဖူးတယ်လေကွာ အပွင့် ၁၀၀ ပေးတာတောင် တစ်ပွင့်မချန် ‌ဝေပစ်တာလေ မှတ်မိလား လို့ အမျိုးသားကြီးက ‌ရေနွေးခွက် ထပ်ဖြည့်ရင်း ဆိုတယ်။

လိုချင်စိတ် ဖြစ်ဖြစ်ချင်းနေ့က မရခဲ့တာကို ပြောတာ ဇာတ်ဆောင်ဆိုတာ ဇာတ်နာရတယ် မသိရင် ဖြတ်ဖြတ် မ‌ပြောစမ်းပါနဲ့  အမျိုးသမီးကြီးက ရယ်ကျဲကျဲနဲ့ ငေါက်ပါရော။

ပြီးတော့ ကျနော့်ဘက် လှည့်ရင်း  ပန်းစည်းဆိုတာ တစ်ကမ္ဘာလုံးမှာ နေရာမရွေး ၀ယ်နိုင်ပေမဲ့ အမျိုးသား 88% ဟာ သေဆုံးကွယ်လွန်တော့မှပဲ ပန်းစည်း ရကြသတဲ့။ ကျန်တဲ့ 12%ကတော့ ဖိုးကံကောင်းတွေပေါ့။ အဲ့တာကို ဖတ်မိတဲ့ မိန်းကလေးက သူ့ဘေးနားက ကံဆိုးရှာတဲ့ ကောင်လေးကို ကြည့်ပြီး သနားသွားတယ်။ သူသာ မကယ်တင်ရင် ဒီကောင်လေးဟာ သေရင်တောင် ပန်းစည်းရဖို့ အခွင့်အရေး နည်းပါးရှာတယ်။ သေရင် ပန်းစည်းချတဲ့ ဓလေ့ သိပ်ခေတ်မစားတဲ့အရပ်ကဆိုတော့ တွေးတွေးပြီး သနားနေမိတယ်တဲ့။

သ‌ဘောရှိသလို ပြော…ဆိုတဲ့ ပုံစံနဲ့ အမျိုးသားကြီးဟာ အမျိုးသမီးကြီး လက်ထဲကို ကိတ်မုန့် တစ်ဇွန်း လှမ်းပေးတယ်။

အမျိုးသမီးကြီး ကိတ်မုန့်စားရင်း ဇာတ်လမ်းဆက်တယ်။

အဲ့တာနဲ့ပဲ မိန်းကလေးဟာ စံပယ်ပန်းတစ်စည်း ကောင်လေးကို ပေးဖို့ စီစဉ်တယ်။ စကားများတဲ့ အမျိုးသမီးကြီးဟာ ပန်း‌ရွေးဖို့ စံပယ်ခြံတွေထိ ခဏခဏသွားတာ ပန်းစည်းစည်းနည်း သင်တန်း ကျိတ်တက်တာ အကုန်လုံးကို  ကျော်ချပစ်လိုက်တယ်။ အိပ်ရာထပျင်းတဲ့သူက မနက်အစောကြီးထ စံပယ်ပန်းခူးပြီး အကြာကြီး ထိုင်စည်းခဲ့တာတွေလည်း မလိုအပ်လို့ ပြောမနေတော့ဘူး။

စိတ်ကူးပေါ်ရင် ပေါ်သလို ချက်ချင်းထလုပ်တဲ့ မိန်းကလေးမလို့ အဲ့ပန်းစည်းပေးတဲ့နေ့ကလည်း ဘာနေ့ ညာနေ့ရယ် မဟုတ်ဘဲ ဒီတိုင်း သာမန်နေ့ တစ်နေ့ပဲတဲ့။ ပန်းစည်းလက်ခံရလိမ့်မယ်မှန်း မသိသေးတဲ့ ကောင်လေးအတွက်တော့ တော်တော်ကို အလုပ်များတဲ့နေ့ ဖြစ်နေတယ်။ လုပ်ငန်းတစ်ခု အဆုံးသတ်ပြီး နောက်တစ်ခု ချက်ချင်း စတဲ့နေ့မလို့ ကောင်လေးဟာ ပြီးဆုံးသွားတဲ့ လုပ်ငန်းက မိတ်ဆွေတွေဆီကနေ မုန့်တွေ လက်ဆောင် ရခဲ့တယ်။ နောက်အလုပ်တစ်ခုအတွက် စိတ်‌ရောက်နေတဲ့ ကောင်လေးဟာ မုန့်တွေအားလုံးကို ဝေပစ်ရင်း အလုပ်ထဲပဲ ခေါင်းနှစ်ထားခဲ့တယ်။ အဲ့အချိန်မှာ ကောင်မလေးကတော့ အလုပ်လုပ်လို့မရအောင်ကို တော်တော်လေး စိတ်လှုပ်ရှားနေရှာတာပေါ့။

နေက တော်တော်ြမင့်နေပြီမလို့ စံပယ်ပန်းစည်းက ညိုးများသွားမလား?

ပန်းတွေကိုရော မုန့်တွေလို ဝေပစ်လိုက်မှာလား?

သူပေးတယ်ဆိုတာကိုရော အကုန်လုံး သိသွားမှာလား?

ကောင်လေးမရှိတဲ့အချိန်မှာ ပန်းစည်းရောက်လာရင်ရော?

မေးခွန်းပေါင်းများစွာနဲ့ မိန်းကလေးဟာ စိတ်လှုပ်ရှားနေတာပေါ့ကွယ်။

ရေနွေးကြမ်းခွက်ကို အမျိုးသမီးကြီးလက်ထဲ ပေးရင်း အမျိုးသားကြီးက ဆိုတယ်။

တော်သေးတယ်နော် စိတ်တွေ လှုပ်ရှားနေလို့ Meeting  သုံးခုလောက် တစ်နေ့တည်း ထိုင်ပြီး ငါ့ကို တစ်ချိန်လုံး ‌အလုပ်တွေနဲ့ ပစ်ပေါက်နေခဲ့တာ။

အမျိုးသမီးကြီးကလည်း မျက်နှာပြောင်တိုက်ပြီး ပြန်ဖြေတယ်။

အဲ့တာတော့ ငါက အလုပ်လုပ်တာတော်တာကိုးဟ။

အဲ့လိုနဲ့ အလုပ်တွေရှုပ်ရင်း နေ့လည်စာ ကသောကမျော စားနေတဲ့အချိန်မှာ ပန်းစည်း ရောက်လာခဲ့တယ်။

စံပယ်ပန်းစည်းကို မြင်တော့ ကောင်လေးဟာ သူ့ဆီ လာတာ ဟုတ် မဟုတ် သေချာလေး ပြန်မေးတယ်။ မဟုတ်လောက်ဘူးလို့လည်း ထင်တာပေါ့။ တစ်ရုံးလုံးကတော့ တဟေးဟေး တဟားဟားနဲ့ ကောင်လေးကို ၀ိုင်းစနေကြတယ်။ မိန်းကလေးကတော့ စိတ်ကူးအတိုင်း ချက်ချင်းထလုပ်တတ်တဲ့ သူ့အကျင့်ကိုသူပဲ တိတ်တိတ်လေး ကျိန်ဆဲမိတယ်။ သွားပြီပေါ့ လေ။

ကောင်လေးက သူ့ဆီ လာမှန်း သေချာသွားတဲ့အခါ ပန်းစည်းကို လက်ခံယူရင်း ဖျတ်ခနဲ မိန်းကလေးကို တစ်ချက်လှမ်းကြည့်မိလိုက်တယ်။

မကြီးလွန်း မသေးလွန်း လက်တစ်ပွေ့စာ ပန်းစည်းထဲမှာ စံပယ်တွေဟာ အဆုပ်လိုက် အဆုပ်လိုက် အရွက်စိမ်းလေးတွေ အပြည့်နဲ့ပေါ့။

ပန်းစည်းလေးထဲမှာ ကဒ်ဖြူဖြူလေး တစ်ခု။

တစ်ရုံးလုံး ၀ိုင်းစနောက်နေတဲ့ အထဲမှာ အမူအယာတစ်ချက်မှ မပျက်ဘဲ သူ့ကို လိုက်ပြောင်နေတဲ့ မိန်းကလေးကို ကြည့်ပြီး ကောင်လေးဟာ သူ့ six sense ကို သံသယ၀င်ချင်သလိုတောင်ဖြစ်သွားတယ်။

ကဒ်အဖြူလေးထဲမှာ ပန်းစည်းရတဲ့ 12%သော အမျိုးသားဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ပျော်ရွှင်ဖို့ လိုလားတဲ့အခါတိုင်း ပျော်ရွှင်ရစေဖို့ ကူညီပါ့မယ်လို့ ကွန်ပျူတာစာစီထားတယ်။ လက်မှတ်မပါ နာမည်မပါ ဘယ်သူဘယ်၀ါ မဖော်ပြထားတဲ့ စာကို ဖတ်ရင်း ကောင်လေးဟာ တစ်နေ့လုံး ပါးစပ်မစေ့နိုင်အောင် ပျော်နေခဲ့တယ်။

အေးလေ ခုမှ ပန်းစည်းရဖူးတာဆိုတော့လည်း ပျော်ရှာတာပေါ့။ မိန်းကလေးကတော့ Professional ပီသစွာ အလုပ်ကို အာရုံစိုက်နေခဲ့တယ်တဲ့။ သူများကို ပျော်ရွှင်စေတဲ့ မိန်းကလေးရဲ့ စံပယ်ပန်းပုံပြင်လေးကတော့ ဒါပါပဲကွယ်။ မင်းလည်း သူများကို ပျော်ရွှင်စေဖို့ ပန်းစည်းပေးချင်ရင် အန်တီ့ကို အချိန်မရွေး စည်းခိုင်းလို့ ရပါတယ်။

တော်ပါကွာ

ငါးမိနစ်ပြည့်အောင်တောင် ပန်းစည်းကို သေချာမကြည့်ရဘူး ဇွတ်တွေ ဟိုဟာလုပ်ရအုံးမယ် ဒီဟာလုပ်ရအုံးမယ်လို့ နောက်ကနေ မီးတွေထိုးပြီး တနေကုန် စကားပြောချိန်မရအောင် အလုပ်တွေ တူတူလုပ်ခဲ့ရတာလေ။ သူကျ Professionalတဲ့ အဟက်အဟက် ဆိုပြီး အမျိုးသားကြီးက ကုန်သွားပြီဖြစ်တဲ့ကိတ်မုန့်ပန်းကန်တွေ ရေနွေးခွက်တွေကို ပြန်ရှင်းနေတယ်။

အမျိုးသမီးကြီးက ငါပေးမှန်း ဒီနှစ်တွေမှာ နင်တကယ် မသိဖူးမလားလို့ မေးတယ်။

အမျိုးသားကြီးက အဲ့လို စိတ်ကူးဆန်းဆန်းတွေရှိတာ ဖြစ်အောင်လုပ်တတ်တာ နင့်အပြင် ဘယ်သူ့ရှိသေးလို့ ငါက မသိရမှာတုံး နင်ကသာ ၀န်မခံတာ

နင်မှ မမေးတာလေ လို့ အမျိုးသမီးကြီးက ပြန်ပက်တယ်

နင်နဲ့ငါကြားမှာ ဘယ်တုန်းကမှ စကားလုံးတွေ မလိုဘူး နင့်မျက်နှာကို ကြည့်လိုက်ယုံနဲ့တင် လုံလောက်ပြီလို့ အမျိုးသားကြီးက ပြောရင်း စံပယ်သုံးခက် ဆတ်ခနဲ ခူးပြီး အမျိုးသမီးကြီးကို ပေးလိုက်တယ်။ တစ်ဆက်တည်းမှာပဲ ခုနက သိမ်းဆည်းထားတဲ့ ပန်းကန်ခွက်ယောက်တွေ ဗန်းထဲထည့်ပြီး အိမ်ဘက်ထထွက်သွားပါတယ်။

ဘေးက ကျနော်က‌တော့ ခုချိန်ထိ တစ်ယောက်တည်း ဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို တော်တော်သနားသွားတယ်။

ဘယ်ဘ၀က ဘာလုပ်ခဲ့လို့ ခုလိုသူများတွေ ရုပ်ရှင်ဆန်နေတာကို ထိုင်ကြည့်နေရတာလဲ Why? Why?

အမျိုးသမီးကြီးက သဘောတကျ ရယ်ပြီး ပြေကျလုဖြစ်နေတဲ့ ဆံထုံးကို ပြန်ထုံးလိုက်တယ်။ စံပယ်ပွင့်လေးတွေ ဖြစ်သလို ထိုးထည့်ရင်းပေါ့။ ကြည့်ရင်းကြည့်ရင်းနဲ့ ကျနော့်စိတ်ထဲမှာ သူ့ကို တရင်းတနှီး မြင်ဖူးနေသလို ခံစားရတယ်။ ရေတကောင်းကိုင်ရင်း လမ်းလျှောက်လာတဲ့ အမျိုးသားကြီးရဲ့ ထော့နဲ့ထော့နဲ့ ခြေထောက်ကို မြင်တော့ ကျနော်ထင်တာတွေ သေချာနိုင်မှန်း တွေးမိတယ်။

သိပ်မဝေးတဲ့ ကာလတစ်ခုတုန်းက ဖုန်တွေ သွေးတွေအလိမ်းလိမ်းနဲ့ အမျိုးသမီးကြီးဟာ မြင်မကောင်း‌အောင် တစ်ကိုယ်လုံးသွေးတွေဖုံးနေတဲ့ အမျိုးသားကြီးကို ရင်ခွင်ထဲမှာ ပွေ့ဖက်ရင်း ‌‌ဒေါသမျက်လုံးတွေနဲ့  အော်နေတဲ့ပုံကို သတင်းတွေထဲမှာ တွေ့ဖူးတယ်



။ အမျိုးသမီးကြီး ပြောပြခဲ့တဲ့ ပုံပြင်တိုတိုလေးဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့ နှစ်ကာလတွေ မတိုင်ခင်က နောက်ဆုံးပျော်ရွှင်မှု ဖြစ်နိုင်ချေများပါတယ်။

ကျနော် ဟန်မဆောင်နိုင်စွာ အံ့သြတကြီး ကြည့်မိတယ်နဲ့ တူတယ်။အမျိုးသမီးကြီးက ဘာလို့လဲ လို့ မေးလာတယ်။

ကျနော် အန်တီတို့ကို သိသလိုပဲ လို့ ဖြေမိတယ်။

အမျိုးသမီးကြီးက အစမဖော်လိုတဲ့ဟန်နဲ့ အရင်ကကြောင့်ကိုး ကြာခဲ့ပါပြီကွယ် မေ့ပစ်လိုက်ပါြပီ။

အနားရောက်လာတဲ့ အမျိုးသားကြီးက ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတဲ့အခါ အမျိုးသမီးကြီးက လောကဓံတရားကြီးဟာ ငါတို့အားလုံးကို ရိုက်ခတ်တုန်းက နင် စံပယ်ပန်းစည်းလေး တစ်စည်းနဲ့ ခုခံခဲ့တဲ့ အကြောင်း ပြန်ပြောပြနေတာလို့ စနောက်လိုက်တယ်။

လျှောက်လျှောက်ပြောပြန်ပြီ အသက်ကိုလည်း သတိရအုံးဟ လို့ အမျိုးသားကြီးက ဟန်ဆောင်ပန်ဆောင် မာန်မဲတယ်။

ဟင့်အင်း ငါက ငယ်သေးတယ် ဟိုးအရင်နှစ်တွေအစားပါ အစကနေ ပြန်နေထိုင်မှာမလို့ ငါကတော့ ငယ်သေးတယ် နင်ပဲ အဘိုးကြီးလို့ အမျိုးသမီးကြီးက ရယ်ရယ်မော‌မော ပြန်ဖြေရှင်းတယ်။

အဲ့နေ့က ကော်ဖီဖိုး မရှင်းရတဲ့အပြင် အပြန်မှာ ခြံထဲက ဟင်းသီးဟင်းရွက်တွေ ပန်းတွေ တပွေ့တပိုက်နဲ့ ကျနော် အိမ်ပြန်လာခဲ့ပါတယ်။ နောက်တစ်ပတ်ပိတ်ရက်ကျ ကျနော်သဘောကျတဲ့ ကောင်မလေးကို စံပယ်ပန်းစည်း ပေးဖို့ စိတ်ကူးရော သတ္တိရောရခဲ့သေးတာပေါ့။ ပန်းစည်းကိုတော့ အမျိုးသမီးကြီးက သူစည်းထားမယ်လို့ ဆိုနေပေမဲ့ အမျိုးသားကြီးကပဲ စည်းထားပေးမယ်လို့ထင်ပါတယ်။

ကျနော်လည်း ပန်းစည်းလေး တစ်စည်းနဲ့ လောကဓံကို ရင်ဆိုင်နိုင်မလား ကြိုးစားကြည့်ချင်မိပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page