စက်၀ိုင်းလေးထဲမှာ ကျွန်တော်ပတ်ပြေးနေမိတယ်။
- SuLat Phyu
- Feb 19, 2024
- 2 min read
စက်၀ိုင်းလေးထဲမှာ ကျွန်တော်ပတ်ပြေးနေမိတယ်။
ဘယ်အရာတွေက ဘယ်ခံစားချက်တွေ ယူဆောင်လာနိုင်မယ်မှန်းသိသိရက်နဲ့ ဇွတ်မိုက်နေမိတုံးပဲ။
ဟင့်အင်း... ကျွန်တော် အဲ့လိုမျိုးမိုက်ရူးရဲဆန်တာတွေ မလုပ်ချင်ပါဘူး။
ခုလို ခံစားချက် ၀င်္ကပါထဲ ပတ်ပြေးနေရတာ တကယ် အဆင်မပြေဘူး။ကျွန်တော့် စိတ်၀ိဥာည်ကို တစ်တိတိ တိုက်စားနေသလိုပဲ။
ဟုတ်တယ်... ခံစားချက်နောက် ပြေးလိုက်တာတွေကဆယ်ကျော်သက်အရွယ်မှာ လုပ်ခဲ့သင့်တာ။
ဒီ၀င်္ကပါထဲမှာ ဆယ်ကျော်သက်အရွယ်ကနေ ခုချိန်ထိထွက်ပေါက်မဲ့နေတာ မဖြစ်သင့်ဘူးမလား။
ခင်ဗျား သိရဲ့လား...အဲ့တာက ဘယ်လောက်တောင်ပင်ပန်းလဲဆိုတာ။ ကျွန်တော် ခြေကုန် လက်ပန်းကျနေပြီ။
ကိုယ့်ကိုယ်ကို သိချင်စိတ်မီးအိမ်လေး ထွန်းပြီး စိတ်ရဲ့ဟိုးအတွင်းပိုင်းထိ အားတင်းလမ်းလျှောက်နေခဲ့တယ်။ ကြောက်လည်း ကြောက်နေမိတယ်။ဘာတွေရှိမလဲဆိုတာ သိချင်သလို တွေ့လာမဲ့အရာတွေကိုလည်း ကျွန်တော်လက်မခံနိုင်မှာ ကြောက်တယ်။ စာအုပ်တွေဖတ်တယ်။ သီအိုရီတွေနဲ့ ညှိတယ်။ ခံစားချက်ကို စကားလုံးတွေနဲ့ ဘာသာပြန်ရင်း တစ်ယောက်ယောက်ကို ပြောပြဖို့ ကြိုးစားတယ်။ မမျှော်လင့်ထားမိဘူး။အဲ့တာတွေဟာ ကျွန်တော့်အတွက်တော့ ရေတိုဖြေရှင်းနည်းတွေပဲ ဖြစ်နေခဲ့တယ် ဆိုတာပေါ့။
ကျွန်တော်ပဲ ပြောခဲ့တာလား သူငယ်ချင်းတစ်ယောက်ပဲ ပြောခဲ့တာလား သေချာတာကတော့ ကျွန်တော်ခေါင်းထဲမှာ စွဲကျန်နေတဲ့ဲ့တစ်ခုရှိတယ်။ ကျွန်တော်ဟာ ကျောပိုးအိတ်တစ်လုံးလွယ်ရင်း နေ့ရက်တွေကို ဖြတ်လျှောက်နေသူပေါ့။ လမ်းမှာ တွေ့သမျှ ခံစားချက်တွေကို ကျောပိုးအိတ်ထဲထည့် ကောက်လွယ်ခဲ့တယ်။ အဖြစ်အပျက်တွေ၊အမှတ်တရတွေ၊ ခံစားမှုတွေ။အသေးအဖွဲလေး ဖြစ်နေအုံးတော့ ကျွန်တော် လွှတ်ပစ်ဖို့ စိတ်မကူးခဲ့ဘူး။ အချိန်တစ်ခုရောက်တိုင်းမှာ ကျောပိုးအိတ်ကြီး ပြန်ဖွင့်ရင်း အတိတ်ထဲကို ကျွန်တော် အလည်သွားတယ်။ ခံစားချက်တွေဟာ တစ်ဖန် ပြန်ပြီး အသက်၀င်တယ်။ နာကျင်မှုတွေဟာ မနေ့တနေ့ကအတိုင်း နှလုံးသားကို နှိပ်စက်တယ်။ သယ်ပိုးထားတာတွေ များတဲ့အခါ ကျွန်တော် လေးလံလာတယ်။ ဒါပေမဲ့ ဘယ်ဟာကို ကျွန်တော်လွှတ်ပစ်ရမှန်းမသိဘူး။ ကျောပိုးအိတ်ထဲမှာ ခေါင်းစဥ်တူရာ ခံစားချက်တွေဟာ သူတော်ချင်း သတင်းလွေ့လွေ့ ပေါင်းစုပြီး အစိုင်အခဲကြီးတစ်ခုလို တဖြည်းဖြည်း ကြီးထွားနေတယ်။ကျောပိုးအိတ်ကြီး တစ်ခုလုံးကိုပဲ လွှင့်ပစ်လိုက်ရမှာလား။ ခံစားတတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလားကျွန်တော်မသိဘူး။ အေးစက်နေတဲ့ ညနက်နက်တွေမှာ ကျွန်တော်ဟာ စကားစုတစ်ခုကိုပဲ မန္တာန်လို ထိုင်ရွတ်နေမိတယ်။''ကျွန်တော် မခံစားချင်တော့လို့ ပျောက်ကွယ်သွားချင်ပြီ။''
ခင်ဗျား Sherlock Homles series ကြည့်ဖူးလား။ The final problem episode ထဲက Eurus ကို သိပ်ကိုယ်ချင်းစာမိတယ်။ အသက်ရှင်တဲ့သူဆိုလို့ ကိုယ်တစ်ယောက်ပဲပါတဲ့ လေယာဥ်ကြီးဟာ ပင်လယ်ထဲ ထိုးဆင်းလုလု မြို့ထဲကို ပျက်ကျလုလု အနေထားနဲ့လေ။အပေါ်မှာ အရမ်းအထီးကျန်တယ် လာကယ်လှည့်ပါဆိုပြီး Sherlock ကို သူမဖန်တီးထားတဲ့ ဇာတ်ကွက်နောက်ကွယ်ကနေ အကူအညီတောင်းနေခဲ့တာ။ Eurus က ကျွန်တော့်ထက် သာတယ်။ နောက်ဆုံးမှာ အကူအညီ တောင်းရမဲ့သူအဖြစ် Sherlock ရှိနေခဲ့တယ်။ ဒါပေမဲ့ Eurus ဟာ စိတ်ကူးယဥ်ဇာတ်ကောင်ပဲ။ ရုပ်ရှင်ထဲက character တစ်ခုအပြင် မပိုခဲ့ပါဘူးလေ။
ဒိုင်အိုဂျီးနီးစ်က နေ့ဘက်ကြီးမှာ အမှန်တရားကိုမီးခွက်ထွန်းပြီး လိုက်ရှာတယ်။ ကျွန်တော်ကတော့ နားလည်နိုင်သူ ရှိကောင်းပါရဲ့ဆိုတဲ့မျှော်လင့်ချက်ဖယောင်းတိုင်လေးနဲ့ လိုက်ရှာတယ်။ ကျွန်တော်ဟာ ရှာဖွေခြင်းမှာ ပါရမီမပါဘူး ထင်ပါရဲ့။အချိန်တစ်ခုကြာတော့ ကျွန်တော် လက်လျှော့ပြီး ဖယောင်းတိုင်ကို ဟိုးအဝေးကြီးကို လွှင့်ပစ်ခဲ့တယ်။ များများရယ်မောတဲ့ နည်းလမ်းကို ကျွန်တော်အသုံးပြုခဲ့တယ်။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်အဖြစ် ပတ်၀န်းကျင်ကတော့ တံဆိပ်ကပ်ပေးပါရဲ့။ ကျွန်တော်ကတော့ မငိုတတ်တော့တဲ့ နှလုံးသားအတွက် စိတ်ပူပန်မိတယ်။မျက်ရည်မကျဘဲ ခံစားချက်တွေနဲ့ နေရာလွတ်မရှိအောင် ပြည့်နှက်နေလို့ တင်းကျပ်နေတဲ့နှလုံးသားကို သယ်ပိုးရတာ ဘယ်လောက်လေးလဲ ကျွန်တော် ရှင်းမပြချင်တော့ဘူး။ငိုလိုက်ရင် အဆင်ပြေမှာပါလို့ တွေးမိလို့ ၀မ်းနည်းတဲ့ ရုပ်ရှင်ကားတွေ သီချင်းတွေဟာ playlist မှာ အပြည့်ပဲပေါ့။ ကျွန်တော်ကတော့ ပြုံးပြီး ထိုင်ကြည့်ယုံနဲ့ How to cry ကို google မှာ လိုက်ရှာဖို့ အပြင် ဘာမှ ပိုပြီး မလုပ်တတ်ခဲ့ဘူး။
တချို့အခိုက်အတန့်တွေမှာ ၂၃ ၁/၂ ဒီဂရီ၀င်ရိုးမှာ တစ်ယောက်ထဲ ရပ်နေရသလိုပဲ။ လေအေးတွေ ခပ်ပြင်းပြင်းတိုက်တဲ့ အလင်းရောင်မဲ့တဲ့ လမိုက်ညထဲမှာ တစ်ယောက်တည်း ရပ်နေသလိုမျိုး။ ဘယ်သူကမှ သတိမပြုမိသလို သတိပြုမိအောင် အားထုတ်ဖို့ကျလည်း ကျွန်တော့်မှာ အသံသေးသေးလေးတစ်ခု ထွက်ဖို့တောင် အားမရှိတော့ဘူး။ အေးစက်လွန်းပြီး အထီးကျန်တဲ့ ခံစားချက်ကို ကျွန်တော်ကြောက်လို့ လက်တွေ့ဘ၀မှာ အနွေးထည်တွေ အထပ်ထပ်၀တ်တယ်။ ပူပြင်းတဲ့နေ့ရက်တွေမှာတောင် ကျွန်တော်ဟာ အင်္ကျီလက်ရှည်ပဲ ၀တ်လေ့ရှိတယ်။ နှလုံးသားလေးများ နွေးမလားလို့ပေါ့။ကျွန်တော့်ကြိုးစားမှုဟာ ပင်လယ်ကမ်းစပ်မှာ အရုပ်ရေးသလိုပါပဲ။ နှလုံးသားဟာလည်း မနွေးထွေးလာသလို တစ်ယောက်တည်းရပ်နေရတဲ့ ခံစားချက်ဟာ နှလုံးသားကို စပါးကြီးမြွေလိုတစ်ရစ်ချင်းစီ ၀ါးလို့မြိုလို့။
အခိုက်အတန့်တွေများလာတဲ့အခါ ကျွန်တော်ဟာ မသိစိတ်ထဲမှာ တံတိုင်းတွေ အထပ်ထပ် တည်ဆောက်မိတယ်။ ခံစားမှုတွေ စုပြုံနေတော့ အားပေးတဲ့အကြည့်လေးတစ်ချက် ရခဲ့ရင်တောင် အဲ့အကြည့်မှာ ကျွန်တော်ဟာ ခံစားချက်တွေ ရေတံခွန်လို ထုတ်ဖော်ပြဖို့ အဆင်သင့်ဖြစ်နေမိတယ်။ ဒါပေမဲ့ ဆောက်ခဲ့တဲ့ တံတိုင်းတွေဟာ ဒဏ်ရာတွေပေါ်မှာ အခြေတည်ခဲ့တာမလား။ ကျွန်တော် လျစ်လျူရှုခံရတဲ့ ခံစားချက်ကို မေ့မရနိုင်သေးဘူး။ attention လိုချင်လွန်လို့ တဆာဆာ ဂျီကျတတ်တဲ့ ကလေးတစ်ယောက်လို မဖြစ်ချင်ဘူး။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိတော့ ကျွန်တော့ ခံစားချက်တွေ ဒဏ်ရာတွေကိုပဲ မီးမောင်းထိုးပြီး ထိုင်ငိုမပြချင်တော့ဘူး။ ကြိုတင်ထင်မြင်ယူဆချက်တွေနဲ့ ကျွန်တော့်အသိစိတ်ကို ဦးဆောင်မိတာ ကြာလာတော့ လှမ်းလာတဲ့ လက်တွေကို ကျွန်တော် မဆွဲရဲခဲ့ဘူး။ ကြောက်နေမိတာလည်း ပါတာပေါ့။ အားကိုးတကြီးဆွဲမိတဲ့ လက်တစ်စုံဟာ တစ်ချိန်ကျရင် လွှတ်သွားခဲ့မှာကို တွေးကြောက်နေမိတယ်။ အစွန့်ပစ်ခံရတဲ့ ခံစားချက်ကို ကျွန်တော် မခံစားလိုဘူး။ မဖြစ်လိုမှုတွေကို ဆွဲကိုင်ပြီး ခံစားချက်တွေဟာ အဲ့လောက်ကြီးလဲ အရေးမပါပါဘူးလို့ ကိုယ့်ကိူယ်ကို လိမ်ညာရင်း ခံစားချက်တွေကို တန်ဖိုးချပစ်လိုက်တယ်။ အားလုံးအဆင်ပြေတယ်ရယ်..ဘာမှ မဖြစ်ဘူးလို့ ပြောရင်း ခပ်ပေါ့ပေါ့ ရယ်မောပစ်လိုက်တယ်။ ဆိုးတာပဲ ...ခပ်ပေါ့ပေါ့ရယ်ယုံနဲ့ ခံစားချက်တွေလည်း ခပ်ပေါ့ပေါ့ မဖြစ်သွားတာ ဆိုးတာပဲ။

ကျွန်တော်ဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ စက်၀ိုင်းလေးထဲမှာ ပတ်ပြေးနေတုန်းပဲ။ ကိုယ်တိုင်ဆွဲတဲ့ ၀င်္ကပါမှာ ကျွန်တော်လမ်းပျောက်တုန်းပဲ။ ကျွန်တော့်ကို ကြည့်ပေးပါ၊ ကျွန့်တော်ခံစားချက်တွေကို အသိမှတ်ပြုပြီး နားထောင်ပေးပါ လို့ တောင်းဆိုချင်ပေမဲ့ ဘယ်သူ့ကို တောင်းဆိုရမယ်မှန်း ကျွန်တော်မသိဘူး။ ကျွန်တော်ဟာ အဲ့လို တောင်းဆိုဖို့ ထိုက်တန်ရဲ့လားတောင် ဝေခွဲမရဘူး။ ကျွန်တော့်ကို ကျွန်တော် ကပ်တဲ့ ခံစားချက်တံဆိပ်တွေအောက်မှာ နှလုံးသားဟာ ပျောက်ကွယ်လုနီးပါး။
စက်၀ိုင်းလေးထဲမှာ ကျွန်တော် ပတ်ပြေးနေမိတယ်။





Comments