နဂါးကြီးနဲ့ စကားစမြည် : ရပ်မြဲ ရပ်နေလိုတဲ့ဆန္ဒ
- SuLat Phyu
- Feb 19, 2024
- 2 min read
ဆောင်းမနက်ခင်းတွေဟာ သိပ်သက်တောင့်သက်သာ ရှိတာပဲ။ ရာသီဥတုက အေးအေးလေး။ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် စောင်လေးထဲ ကွေးနေပြီး ဇိမ်ခံလို့ရသေးသဗျာ။အနွေးထည်ထူထူ၀တ် ကော်ဖီတစ်ခွက် လက်ကကိုင်ပြီး နေပူဆာလှုံရင်း တိမ်တွေကို လိုက်ကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်။
ဘေးနားက အသံသဲ့သဲ့ကြားလို့ စောင်းငဲ့ကြည့်မိတော့
ဟာ... ကျွန်တော့် ဘော်ဒါကြီးပါလား။ လာဗျာ.... ထိုင်။
ကော်ဖီသောက်အုံးမလား။ ကျွန်တော် ပိုဖျော်ထားတယ်။ အရင်ရက်တွေကတည်းက မျှော်နေတာဗျို့။ အနွေးထည်လည်း မပါဘဲ ချမ်းနေမှာပဲ။ ကော်ဖီပူပူလေး သောက်လိုက်ပါအုံး။
ကျွန်တော်ကသာ ဧည့်ထောက်ခံနေတာ။ သူကတော့ မလှုပ်တလှုပ်။ နဂါးတွေက ကော်ဖီမကြိုက်လို့များလား။ ဒါမှမဟုတ် မအေးတတ်လို့များလား။ ဟုတ်သား... ပါးစပ်ထဲကတောင် မီးတွေ မှုတ်ထုတ်နိုင်တဲ့ သတ္တ၀ါပဲဟာ။ ဘယ်လိုလုပ် ဒီအအေးဒဏ်လောက်ကို မှုလိုက်မတုံး...နော့။
ဒုတိယအကြိမ် တွေ့ဆုံခြင်းဆိုတော့ ဦးနှောက်က အကျွမ်းတ၀င်ရှိသွားတယ်နဲ့ တူတယ်။ အရင်လို မေးခွန်းတွေ တရစပ်ထုတ်ပြီး အသိစိတ်ကို တပ်လှန့်မနေတော့။
သူ့ကြည့်ရတာ မျက်နှာကောင်းဟန်မတူဘူးဗျ။ ဒါမှမဟုတ် ပုံမှန်မျက်နှာထားကိုက အဲ့လိုပုံစံမျိုးလားမသိ။လောက၀တ်စကား ဆိုအုံးမှပါလေ။
နေကောင်းရဲ့လားဗျ။ ဒီအတောအတွင်း အခြေနေအဆင်ပြေရဲ့လား။
ခေါင်းငြိမ့်လိုက်သလိုလို ခေါင်းပဲယမ်းလိုက်သလိုလို မသဲကွဲလိုက်။ လှုပ်ရှားဟန်တွေကလည်း မြန်လိုက်တာဗျာ။ နားထဲပြန်ကြားလိုက်တာတော့ ရှင်းရှင်းလင်းလင်း။
မင်းရော ... တဲ့။
ကျွန်တော်လား။ နေကောင်းကျန်းမာပါ့ဗျာ။ အဆင်မပြေမှုလေးတွေတော့ ရှိသပေါ့။
ကြီးကြီးမားမားရယ်လို့တော့လည်း မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဥ် သာမန်အခက်အခဲလေးတွေပါ။ ကျွန်တော့်အတွက်တော့ ကောင်းကင်ပြာ နေသာ ရာသီဥတုကောင်းရင်ကို အဆင်ပြေတယ်လို့ သတ်မှတ်လိုက်တာပါပဲ။ ထူးထူးထွေထွေ ရှိမနေပါဘူးဗျာ။ ဟဲဟဲ....
မင်းဟာကလည်းကွာ။ သူ့အသံပေါ် မူတည်ပြီး ကျွန်တော့် အဖြေကို အလိုအကျတာလား မချင့်မရဲ ဖြစ်တာလား မခွဲခြားတတ်ပါ။ ရိုးရိုးသားသား ဖြေတာကို လူတွေ မပြောနဲ့။ နဂါးတွေအတွက်တောင် နား၀င်မချိုဖြစ်နေတာလား။
မဟုတ်ဘူးကွ။ မင်းအသက်အရွယ်လေးနဲ့ အိပ်မက်တွေ မရှိပါဘူး၊မသိပါဘူး ငြင်းလိုက်။
စိတ်လှုပ်ရှားစရာ မယ်မယ်ရရ မရှိသလို သာမန်နေ့ရက်တွေပါလို့ ပြောလိုက်နဲ့။ မင်း ဘ၀ကို အဲ့လောက်တောင် ငြီးငွေ့နေသလားကွာ။
ခင်ဗျား ဘယ်လိုသိတာလဲလို့ ထုတ်မေးမည့်ဆဲဆဲ သူ့ရဲ့ သနားသလို အကြည့်ကြောင့် ကျွန်တော် နည်းနည်း စိတ်တိုသွားတယ်။ ကျွန်တော့်ဘ၀ ကျွန်တော့်ခံစားချက်တွေလေ။ ကျွန်တော် သဘောကျသလို ကျော်ဖြတ်နေတာ ဘယ်လိုဖြစ်နေနေ သူ သနားစရာတော့ မလိုဘူးမလား။
မင်းက တော်တော်လေး အကြောတင်းသကိုးကွ။ ခက်တယ် ခက်တယ်။ သိရက်သားနဲ့ မိုက်တဲ့ကောင်တွေက ပိုခက်တယ်။
ဟမ်... ကျွန်တော် ဘာစကားမှ မပြောရသေးတာ ကိုယ့်ကိုယ်ကို သေချာပါတယ်။ ဘယ့်နှယ့် ကျွန်တော့်အတွေးတွေကို သိနေတာလဲ။ နဂါးတွေဟာ အတွေးတွေကို ဖတ်နိုင်တာလား။
ငါ့အသက်လောက် မင်းနေကြည့်ရင် မျက်နှာကြည့်ရုံနဲ့ ဘာပြောချင်လဲဆိုတာ သိနိုင်တယ်ကွ။
မအံ့သြပါနဲ့။ ငါက မင်းမျက်နှာ အမူအရာကို သေချာ အာရုံစိုက် ကြည့်ရုံတင်ပါ။ မင်းအတွေးတွေဟာ မင်းမျက်နှာပေါ်မှာ အရှင်းသား ပေါ်နေတာကိုးဟ။
အင်းပါ။ ခင်ဗျားက အသက်ကြီးတော့ ခုရေပန်းစားနေတာတွေကို ဘယ်သိတော့မလဲဗျ။ အဲ့တာကြောင့် ကျွန်တော့်ကို ငြီးငွေ့နေလားလို့မေးတာ။ ကျွန်တော် ခုနေထိုင်နေသလို ဘ၀မျိုးကို လူတော်တော်များများ သဘောကျကြတာဗျ။ ငြိမ်ငြိမ်သက်သက်လေး နေမယ်။ တစ်နေ့စာလေး နေထိုင်မယ်။ သဘာ၀တရားကြီးကို ခံစားမယ်။ ဘယ်လောက် အေးချမ်းလဲ။
ဟားဟား...လှိမ့်လိုက်စမ်းကွ ငါ့ကောင်ရ။ အသက်ကြီးပြီဆိုပြီး မင်း ငါ့ကို ဖြီးဖို့ လုပ်နေတာမလား။ မင်းအရည်အချင်းက အဲ့တာပဲ။မင်း ပြဿနာကလည်း အဲ့တာပဲ။ မင်းမှာ ဖြစ်နေတဲ့ အရာတွေကို ရင်မဆိုင်ချင်လို့ ဖုံးကွယ်ချင်တာနဲ့ပဲ ဘ၀နေနည်း concept တွေနဲ့ မင်းပျော်နေပါတယ်လို့ သက်သေထူပြီး လူတကာကို အယုံသွင်းတာလေ။ မလိမ်ချင်စမ်းပါနဲ့ကွာ။ မင်း တကယ်ပျော်နေတာ သေချာလို့လား။
ကျွန်တော် ရုတ်တရက်တော့ ဆွံ့အသွားမိတယ်။
ကျွန်တော်ပျော်နေတာပါ။ ဘာလို့ ကျွန်တော် မပျော်ပါဘူးလို့ စွပ်စွဲနေရတာတုံး။ နေရောင်ခြည်နွေးနွေးအောက် ထိုင်ရင်း နဂါးတစ်ကောင်နဲ့ စကားစမြည်ပြောရလောက်အောင် အေးဆေးသက်သာနေတာလေ။ ကျွန်တော်မှ မပျော် ဘယ်သူပျော်မတုံး။
ပျော်တယ်ဆိုတာ အဓိပ္ပာယ်ဖွင့်တဲ့နေရာမှာ ခင်ဗျားနဲ့ ကျွန်တော် မတူလို့ နေမှာပေါ့ဗျ။ အိပ်မက်မရှိတော့ လိုချင်စိတ်နည်းတာပေါ့ဗျာ။ တွန်းတွန်းတိုက်တိုက် ကြိုးစားစရာမလိုတော့ ငြိမ်ငြိမ်သက်သ် နေနိုင်တာပေါ့။ ဘယ်လောက်ကောင်းသလဲ။ လောကကြီးထဲ အေးဆေးနေထိုင်ရင်း ထွက်သွားရမယ်ဆိုိုည်း တွယ်ငြိမှု ရှိမနေဘူးလေ။ ကဲ .... ခင်ဗျားပြော ဘယ်အရာက ဒီထက် ပိုအေးငြိမ်းအုံးမလဲ။
အဲ့တာပဲကွ။ မင်းက ယုံအောင် ပြောတတ်တဲ့ နေရာမှာ သိပ်တော်တဲ့ကောင်။ သူများကိုတင် မဟုတ်ဘူး။ မင်းကိုယ်မင်းပါ ယုံအောင် နားသွင်းထားတာ။ မင်းနှလုံးသားပေါ် လက်တင်ပြီး သေချာ ပြန်မေးကြည့်စမ်းကွာ။ မင်းရှင်သန်နေရတာကို မင်းကျေနပ်လို့လား။ ငြိမ်သက်အေးငြိမ်းမှုကို မင်းတကယ် နှစ်ခြိုက်လို့လား။ မင်းတွေ့ရှိထားတဲ့ ငြိမ်သက်အေးချမ်းမှုက တကယ် မင်းလိုချင်တဲ့ ငြိမ်းချမ်းမှုလား။
မင်း ငယ်ငယ်က ပုံစံကို မှတ်မိသေးတယ်ကွာ။ စာအုပ်ထဲမှာ နစ်၀င်နေရင်း အတွေးများနေတာ၊Holocaust အကြောင်း ဖတ်ရင်း မင်းတိတ်တိတ်လေး ကျိတ်ငိုတာတွေလေ။ ရှိုက်သံထွက်မှာစိုးလို့ ပါးစပ်ပိတ် ငိုတဲ့ကောင်။ အံ့ရောကွာ။ သိပ်သန်မာချင်ယောင်ဆောင်တဲ့ကောင်။ မင်းစာတွေရေးနေတုန်းက၊သူများကို မင်းအတွေးတွေ အာပေါင်အာရင်းသန်သန် ပြောနေတုန်းက မင်းမျက်လုံးတွေလက်နေတာ မှတ်မိလား။အဲ့အခိုက်အတန့်ကိုပဲ အာရုံစိုက်ထားပြီး ကျန်တဲ့အရာတွေအားလုံးကို မေ့ထားတာ။အဲ့အချိန်က မင်းပျော်နေတာကွ။ပျော်နေတာ။ ဟက်ဟက်ပက်ပက် ရယ်မောပြီး လုပ်ချင်ရာလုပ်နေရမှ ပျော်တာလို့ ခေါ်တာမဟုတ်ဘူး။ အဲ့အချိန်ကို ပြန်တွေးတိုင်း ကျေနပ်မိတာ။အချိန်ကုန်လို့ ကုန်သွားမှန်းမသိအောင် လုပ်နေတဲ့အရာပေါ်မှာ အာရုံထားနေရင်း ရလဒ်ထွက်တဲ့အခါ ကျေနပ်စိတ်ဖြစ်မိတာ။ အဲ့တာလည်း ပျော်တာပဲကွ။
ပြောစမ်းပါအုံး။ ကော်ဖီလေးသောက်လိုက် ဟိုတွေးဒီငေးသလို လုပ်လိုက်။ ဘေးနားကလူတွေကို သေရင်တောင် နောင်တရစရာမရှိအောင် နေထိုင်နေတယ်လို့ အယုံသွင်းလိုက်။ သမားရိုးကျနေ့ရက်တွေ ဖြတ်သန်းပြီး နေထိုင်နေတာ မင်းပျော်တယ်လို့ ၀န်ခံရဲသလား။ စိန်ခေါ်မှုတွေကို ပတ်ရှောင်နေတာ ဘယ်လောက်ကြာပြီလဲ။ မင်းက အိပ်မက်ကို မသိတာ မဟုတ်ဘူး။ အကောင်ထည်ဖော်ရမှာ ပျင်းလို့ မသိပါဘူးလို့ ပိတ်ငြင်းနေတာ။ ပျင်းတာဆိုတာကလည်း မင်းရှုံးနိမ့်သွားမှာကို ကြောက်တာမလား။ မင်းက အသက်တစ်ရက်ကြီးလာတိုင်း အကြောက်တရား တိုးတိုးလာတဲ့ကောင်ပဲ။ သူများကို ရှုံးမှာ ကြောက်တာထက် မင်းကိုယ်မင်း ရှုံးမှာ ပိုကြောက်တဲ့ကောင်။ ဒိုင်ယာရီတွေ ပြန်လှန်ပြီး အတိတ်က မင်းကို တော်လိုက်တာလို့ ချီးကျူးမနေစမ်းပါနဲ့။ ချီးကျူးနေရင်းပဲ လက်ရှိ မင်းကိုယ်မင်း စိတ်ပျက်နေတာမလား။ အတိတ်ကလောက် မတက်ကြွတော့တာ။ အတိတ်ကလောက် မရွှင်ပြတော့တာ။ ခုလက်ရှိမင်းက တက်ကြွရမှာ ရွှင်ပြရမှာကို ကြောက်နေတာလေ။ အဲ့လောက် တက်ကြွပြီးကြိုးစားရင်တောင် အရင်မင်းကို မမီတော့မှာကို ကြောက်နေတာ။ ဆန်းလည်း ဆန်းပါ့ကွာ။ မနေ့က မင်းကို ဒီနေ့ မင်းက ကြောက်ရတယ်လို့။ ကိုယ့်ကိုယ့်ကို အကျိတ်အနယ် ပြိုင်ရင်း ကြောက်ပြီး ရပ်နေရတာများ ပျော်စရာကောင်းနေတယ်တဲ့လား။
ညည အိပ်ပျော်ဖို့ ခက်နေတာ ကြာပြီမလား။ အိပ်မက်တွေမက်၊ ညတစ်ရေးနိုးတိုင်း ပြန်အိပ်မရတော့တာတောင် ပုံမှန်အကျင့်လို ဖြစ်နေပြီမလား။ ညအမှောင်ထဲမှာ ကြယ်တွေ ငေးပြီး သက်ပြင်းမချနဲ့တော့ကွာ။ မင်းရဲ့ အဲ့ပုံစံက သနားဖို့ ကောင်းလို့။
ဟင့်အင်း... အဲ့တာ ကျွန်တော် မဟုတ်ဘူးလို့ ငြင်းအုံးမလို့ပဲ။ သူ့မျက်လုံးတွေကြည့်ပြီး လိပ်ပြာသန့်သန့် ငြင်းဖို့ ကျွန်တော် မ၀ံ့ရဲတာနဲ့ ကော်ဖီခွက်ပဲ ခပ်တင်းတင်း ဆုပ်မိတယ်။ ကော်ဖီတွေတောင် မနွေးတော့ပါလား။သူကတော့ ဆက်ပြောဖို့ရာ အားသန်ဆဲ။
မင်းသဘောကျတဲ့ Newton's Law လေး ငါမှတ်မိသေးသကွ။ ဘာတဲ့။ Law of Inertia လေ။ ပြင်ပက တစ်စုံတစ်ရာ အားတစ်ခု သက်ရောက်မှု မရှိမချင်း မျဥ်းဖြောင့်တစ်ကြောင်းပေါ်မှာရှိတဲ့ အရာ၀တ္ထုတွေရဲ့ ရပ်မြဲရပ်နေလို့တဲ့ သွားမြဲသွားနေလိုတဲ့ ဆန္ဒ။ မင်းဆိုတဲ့ကောင်က သဘောကျတဲ့ သီအိုရီထဲ ၀င်ပုန်းတဲ့ကောင်ပဲ။ ခုမင်းက ရပ်မြဲရပ်နေလိုတဲ့ ဆန္ဒ ရင်၀ယ်ပိုက်ထားနေတော့ ပြင်ပက သက်ရောက်လာတဲ့ အားတစ်ခုအဖြစ် ငါ ခုလို ရှည်ရှည်ဝေးဝေးတွေ ပြောနေရပြီကွာ။
ခင်ဗျားသေချာ မသိတဲ့ ကျွန်တော့်ဘ၀ကို လာပြီး အကဲမဖြတ်ပါနဲ့လို့ ထုံးစံအတိုင်း အကန်တွေ ပြောချင်ခဲ့တာပါ။ ဖျတ်ဖျတ်လူးပြီး dataတွေ ထုတ်ပေးတတ်တဲ့ ဦးနှောက်က ဒီလိုအချိန်ဆို အေးခဲပြီး ဘယ်နားသွားသေနေလဲ မသိဘူး။ ဘာအသံမှ ထွက်မလာတော့။ စောက်နှလုံးသားကတော့ တဟင့်ဟင့်နဲ့ မျက်ရည်လည်ရွှဲ ဖြစ်နေပြန်ပြီ။ တောက်... လေကလည်း အေးတာကွာ။ မျက်နှာကို လေတိုးသွားတာများ ဖြတ်ရိုက်လိုက်တဲ့အလား။
ပြန်ပြောချင်တာက အများကြီး။ အသံထွက်လာတော့ ကျေးဇူးတင်ပါတယ်တဲ့။ တဆိတ် နေပါအုံး။ အဲ့တာ ကျွန်တော့်အသံလား။ ကျွန်တော်ပြောလိုက်တာလား။ ကျွန်တော် သူပြောသမျှကို လက်ခံပြီး ဟုတ်ပါတယ်လို့ သွယ်၀ိုက် ၀န်ခံလိုက်တာလား။

ကျွန်တော် ဘယ်လောက်ကြာကြာ ငြိမ်သက်သွားမိမှန်း မသိတော့ပါ။ သတိရလို့ လှည့်ကြည့်လိုက်တော့ နဂါးကြီးဟာ မရှိတော့။ ပြန်သွားခဲ့ပြီလား။ မျက်လုံးဝေ့ပြီး ရှာကြည့်လိုက်တော့အတွင်းခန်း စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံထဲက အတိတ်ကျွန်တော်က ရယ်မောနေလေရဲ့။ လက်ရှိကျွန်တော်ကတော့ ရယ်ရမလား၊ငိုရမလား၊ တစ်ခုခုပဲ ထလုပ်လိုက်ရမလား တွေဝေရင်း Law of Inertia ကိုသာ အခါခါ ပြန်ရွတ်နေမိရက်သား။





Comments