top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

နှစ်သစ်ကြူး

  • Writer: SuLat Phyu
    SuLat Phyu
  • Jan 1, 2025
  • 2 min read

နှစ်ဟောင်းကုန်တော့မယ်နော်။

ဒီနေ့ဟာ ၂၀၂၄ ရဲ့ နောက်ဆုံးရက်ပေါ့။

နေ့ရက်တွေဟာ ရှည်ကြာပြီး နှစ်တွေကတော့ အလျင်အမြန် ကုန်ဆုံးသွားတယ်ဆိုတာ တကယ်ပဲကိုး။


ကျနော်က ပျော်ရွှင်စရာ အဆုံးသတ်တွေကို သဘောကျတတ်တဲ့သူပါ။ အဲ့တော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလေးလဆိုရင် နှစ်ဟောင်းကို အဆုံးသတ်ဖို့ ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်ဖြစ်တဲ့လတွေပေါ့။ Reflectionတွေ လုပ်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။သုံးသပ်တယ်။ဆန်းစစ်တယ်။ ပြီးရင်တော့ အကြိုက်တကာ့အကြိုက်ဆုံးအချိန် ရောက်ပါပြီ။ နှစ်သစ်အတွက် Planning ချရတာပါ။ ကျနော်က လုပ်ဖြစ်တာ မလုပ်ဖြစ်တာ နောက်ထား Plan ချရတာကို ပျော်တာ။ ဒီဇင်ဘာဟာ officially plan ချလို့ရတဲ့လဆိုတော့ ကျနော့်အကြိုက်ဆုံးဖြစ်လာတာ ဆန်းတော့ မဆန်းပါဘူးလေ။


ဒါပေမဲ့ ဒီနေ့က ပုံမှန်နဲ့တော့ နည်းနည်းလေး သွေဖယ်နေတယ်။ နှစ်ဟောင်းမှာ ဘယ်လိုဘယ်ညာဆိုပြီး reflection လုပ်တာတွေ နှစ်သစ်မှာ ဘယ်သို့ဘယ်ပုံဆိုပြီး plan ချတာတွေထက် ခင်ဗျားတစ်ယောက်ကိုဖြင့် ကျနော်ဘယ်လောက်ထိ သဘောကျကြောင်းပဲ ထိုင်စဉ်းစားနေချင်မိတယ်။

ကြည့်ပါအုံး ၂၀၂၄ ရဲ့ ဒီဇင်ဘာ ၃၁ဟာ ကျနော့်ကို ဘယ်ဂါထာနဲ့များ ပြုစားထားသလဲ မသိဘူး။ ကျနော်ဟာ ခင်ဗျားဆီမှာ ဒီလောက်ထိကိုပျော်ဝင်နေမိပါပြီလေ။


ပြောရင်းဆိုရင်း ခင်ဗျားအပြုံးတောင် သတိရသွားပြီ။ အမှန်တိုင်း ဝန်ခံရရင် တဟားဟားရယ်တတ်တဲ့ ခင်ဗျားရယ်သံကို ပိုလွမ်းတာ။ ကျနော် ဟာသပြောတိုင်း ရယ်တတ်တဲ့ အဲ့အသံဟာ တော်တော်ကို နားထောင်လို့ ကောင်းတာဗျ။

တစ်ဆက်တည်းပဲ ခင်ဗျားဟာ ကျနော့်အတွက် ဘယ်လိုဖြစ်တည်မှုလို့လဲ စဉ်းစားမိတယ်။


ရာသီဥတု သာယာတဲ့ ဆောင်းတွင်းမှာ ကော်ဖီသောက်ရင်း နုနုလေးနွေးနေတဲ့ နေရောင်ခြည်ဟာ မျက်နှာပေါ် ဖြာကျတဲ့အခါ လက်နဲ့ကာမိတော့ လက်ချောင်းတွေကြားက လျှံထွက်လာတဲ့ နေခြည်အလင်းတန်းတွေကို ခင်ဗျား ခံစားဖူးလား။ အင်း….. ခင်ဗျားက ကျနော့်အတွက် အဲ့ဒီအခိုက်အတန့်ပဲ။


နွေးထွေးတယ်။

သက်တောင့်သက်သာရှိတယ်။

ပြန်တွေးရင် ညွှတ်နူးဖို့ကောင်းသလို လက်ရှိမှာလည်း ပျော်ဝင်ပစ်ဖို့ မတွန့်ဆုတ်မိဘူး။ အားရပါးရ အော်ရယ်လိုက်ဖို့ ရှက်ကိုးရှက်ကန်းဖြစ်စရာသလို ရှိုက်ကြီးတငင် ငိုကြွေးမိရင်လည်း ဝန်မလေးရဘူး။ ခက်ခဲတဲ့အခါ လောကဓံကို ဖောင်းထုပြီး အောင်မြင်တဲ့အခါ ကျနော်က တကယ်တော်တာ သိလား လို့ သီးသန့်မာန်တက်ပြလို့ ရတယ်။

ကျနော့်ရဲ့ အစစ်အမှန်ကို ထုတ်ပြဖို့ တွေဝေနေစရာမလိုလောက်အောင်ထိ လုံခြုံမှုနဲ့ ယုံကြည်မှုကိုပေးတဲ့ ဖြစ်တည်မှုပေါ့ဗျာ။


ခင်ဗျားက ဘယ်အချိန်ကနေများ အဲ့လိုဖြစ်တည်မှုဖြစ်သွားတာပါလိမ့်။ Love at first sight လို့ ကြွယ်ရအောင်လည်း မဟုတ်ဘူးဗျ။ ရုပ်ရှင်တွေထဲကလို စတွေ့ကတည်းက ကြယ်တွေ ပြိုးပြက်လင်းလက်ပြီး ရင်ခုန်သံတွေ မြန်လာတာမျိုးလည်း မဟုတ်ဘူး။ ဒီတိုင်း နေ့စဉ်ဘဝထဲမှာ သူစိမ်းတစ်ယောက်အနေနဲ့ ရယ်မောနှုတ်ဆက်ရင်းကနေ ရင်းနှီးကျွမ်းဝင်မိတာမျိုး။ အမှတ်တမဲ့နဲ့ ဘဝကို ပြန်ကြည့်လိုက်တဲ့အခါ ခင်ဗျားက နေရာတော်တော်များများမှာ အခြေချပြီးနေပြီ။ ဘယ်လိုဖယ်ထုတ်ရမလဲလို့ အတွေးမဝင်ရလောက်အောင်တောင် အပိုင်သိမ်းပြီးသွားပြီ။

အေးဗျာ ဘယ်တတ်နိုင်မလဲ ကံပေါ့ လို့သာ ယိုးမယ်ဖွဲ့ကြတာပေါ့။


ခုတွေးကြည့်တော့မှ ဒါဟာ တကယ်ကြီး ကံကြမ္မာများ ဖြစ်နေမလားပဲနော်။ ဟိုး လွန်လေပြီးတဲ့နှစ်တွေမှာ ခင်ဗျားဟာ ကျနော့်ဘဝထဲမှာ ခုလို တည်ရှိနေမယ်လို့ စိတ်တောင် မကူးဘူးရယ်။ ဘာကိုမှ တကူးတက လုပ်ယူစရာမလိုဘဲ ဒီအတိုင်းလေး အံ့ဝင်ခွင်ကျ ဖြစ်သွားတာ အံ့ဩဖို့တော့ ကောင်းသားဗျ။ ဘယ်လိုမှ တူညီမနေတဲ့ လူနှစ်ယောက်က သဟဇာတဖြစ်နိုင်တယ်ဆိုတာကို ကျနော်တို့ မမျှော်လင့်ဘဲ သက်သေပြမိသလို ဖြစ်သွားတာပဲ။


ဒါနဲ့ နေပါအုံး။ ကျနော်ကရော ခင်ဗျားအတွက် ဘယ်လို ဖြစ်တည်မှုမျိုးလဲဆိုတာ သိချင်စမ်းပါရဲ့ဗျာ။ ကော်ဖီမကြိုက်တဲ့ ခင်ဗျားအတွက် ကျနော်က ကော်ဖီခါးခါးတစ်ခွက်လား။ ဒါမှမဟုတ် အရောင်စုံပြီး ပုံသဏ္ဍန်မျိုးစုံရှိတဲ့ တိမ်တဆုပ်လား။ ဖြစ်နိုင်စွမ်းသာရှိရင် ခင်ဗျားစိတ်ထဲ တိတ်တိတ်လေး ဝင်ပြီး ကျနော်နဲ့ပတ်သက်နေတဲ့ အစိတ်အပိုင်းလေးကို ခိုးကြည့်ချင်သဗျ။ ကျနော်ကိုယ်တိုင်သတိမထားမိပေမဲ့ ခင်ဗျားမြင်မိတဲ့ ကျနော့်ပုံစံလေးဟာ ဘယ်လိုလေးပါလိမ့်။ နူးညံ့တဲ့ လေနုအေးလေး မဖြစ်မှာ သေချာပေမဲ့ ဝုန်းဒိုင်းဆန်ပြီး လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေတဲ့ ရာသီဥတုလေးတော့ မဖြစ်ချင်ဘူးနော်။


စိတ်ရှိတိုင်းသာဆို ကျနော်က ခင်ဗျားအတွက် စက္ကူပန်းပင်လေးတစ်ပင် ဖြစ်ချင်မိတယ်။ခင်ဗျားလှမ်းကြည့်လိုက်တိုင်း အရောင်တွေ ဝင်းလက်ပြီး တစ်နှစ်ပတ်လုံး ပွင့်နေတဲ့ စက္ကူပင်လေးပေါ့။ ပန်းဆိုတော့ တချိန်လုံး ကြွေကျနေမှာပဲဆိုပေသိ အမြဲတမ်း အသစ်အသစ်တွေ ပြန်ပွင့်ပေးနေတာ စက္ကူပန်းပဲ မဟုတ်လား။

ကျနော်ငယ်ငယ်က အိမ်မှာ စက္ကူပန်းပင်ရှိတော့ သူများကို အိမ်လမ်းညွှန်ရတိုင်း တချိန်လုံး ပန်းတွေနဲ့အပြည့်ရှိိနေတဲ့အိမ်ဟာ ဒို့အိမ်ပေါ့လို့ ဂုဏ်ယူဝင့်ကြွားပြီး ပြောခဲ့တာ။ အဲ့လိုပဲ ခင်ဗျားဟာ ခင်ဗျားဘဝအကြောင်း ပြန်ပြောင်းလမ်းညွှန်ရတဲ့အချိန်ရောက်လာရင် အမြဲရှိနေပေးခဲ့တဲ့ တစ်ယောက်ယောက်ရှိသားပဲလို့ ကြည်နူးရတဲ့ ခံစားချက်ကို ဖန်တီပေးချင်လို့ ကျနော်ဟာ ခင်ဗျားအတွက် စက္ကူပန်းပင်လေး တစ်ပင် ဖြစ်ချင်မိပါတယ်။


အချိန်ဆိုတာ မြစ်တစ်စင်းပဲတဲ့။ စီးဆင်းနေတဲ့ မြစ်ထဲကို ကျနော်တို့ နှစ်ခါ ဖြတ်ကျော်လို့မရသလို ဒီအချိန်အခိုက်အတန့်မှာလည်း ကျနော်တို့ဟာ တကြိမ်တခါပဲ နေထိုင်ခွင့်ရကြတယ်။ ကုန်ဆုံးသွားခဲ့တဲ့ နှစ်တွေမှာ ခင်ဗျားပါဝင်ခဲ့လို့ ဝမ်းလည်း သာပါတယ်။ကျေးဇူးလည်း တင်ပါတယ်။

ဒီထက်ကောင်းမွန်တဲ့ စကားလုံးတွေနဲ့ ကျနော့်ခံစားချက်ကို ဖော်ပြချင်ပေမဲ့ တချို့အရာတွေမှာ ဘာသာစကားက အပြည့်အဝ မဖော်ကျူးနိုင်ဘူးဗျ။ တိုးတိုးလေး ခုန်နေတဲ့ ရင်ခုန်သံစည်းချက်တိုင်းမှာ ခင်ဗျားနာမည်ကို ဖွဖွလေး ရေရွတ်မိနေတဲ့ ကျနော့်နှလုံးသားလေးကိုလည်း ခင်ဗျားမြင်အောင် ထုတ်ပြဖို့ထိ ကျနော်စိတ်ကူးမရှိဘူးရယ်။ အဲ့တော့လည်း ရိုးရိုးသာ ဆိုချင်ပါရဲ့။


ရှိနေပေးခဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ရသလို နောင်နှစ်တွေမှာလည်း တူတူထပ်ရှိနေနိုင်

အောင် ကံကြမ္မာရေစက် သံသရာထိ ဆက်ချင်ပါရဲ့ဗျာ။


ပျော်ရွှင်စရာနှစ်သစ် မင်္ဂလာပါ။




Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page