top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

ချစ်ရပါသော ရေ 2:Climate Change သမိုင်းကြောင်း

  • Writer: SuLat Phyu
    SuLat Phyu
  • Jul 5, 2024
  • 2 min read

Updated: Aug 5, 2024

သို့....ချစ်ရပါသောရေ/


ပျော်ရွှင်နေရဲ့လား။

ဒီကမ္ဘာကြီးပေါ်မှာ‌ နေရသခိုက် ကြည်ကြည်လင်လင်  ပျော်ရွှင်နေစေချင်တယ်ဗျာ။


ကျနော်တို့တွေ  တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တဲ့အခါ ကျန်းမာရဲ့လားလို့ မေးတတ်ကြတယ်‌နော်။ ပျော်ရွှင်ရဲ့လားလို့တော့ မေးသံ သိပ်မကြားဖူးဘူး။ ဒါဟာ ဒီအတိုင်း စကားအဖြစ်မေးတာလား တကယ်သိချင်လို့ မေးတာလားလို့ ဆယ်ကျော်သက်အရွယ်က စဉ်းစားဖူးတယ်။ မကျန်းမာတော့ရော ဘာလုပ်ပေးမှာကြလို့ အငေါ်တူး တွေးခဲ့ဖူးတယ်။ ဪ…မေတ္တာတရားအကြောင်း ဘာမှ နားမလည်ခင်က တုံးအအ ‌အတွေးလေးပေါ့ဗျာ။ အရွယ်တစ်ခုရောက်လာမှ စိတ်ရင်းကို အခြေပြုပြီး မေးတာတွေကို မြင်တတ်လာတယ်။ ကာယကံ‌မြောက် ဘာမှ လုပ်ကိုင်ပေးနိုင်စွမ်းမရှိရင်တောင် စိတ်ပူပန်ပေးနေတဲ့ မနောကံကို ဖမ်းဆုပ်မိလာတယ်။တကယ်ကို ကျန်းမာစေချင်မှန်း နွေးခနဲ ခံစားလိုက်ရတဲ့ မေတ္တာ‌တွေကို ကြုံခဲ့ရတယ်။ ခင်ဗျားကိုလည်း တကယ်ကို ပျော်ရွှင်နေစေချင်မိတယ်။ အတ္တ သေးသေးလေး ပေါင်းထည့်ရရင် ကျနော်နဲ့ အတူ ပျော်စေချင်သပေါ့ဗျာ… ဟဲဟဲ။


ငယ်ငယ်က သတင်းမလာခင် အရင်ဆုံး နှုတ်ဆက်တဲ့ ကျန်းမာတော်မူပါစခင်ဗျာ ကျန်းမာ‌ တော်မူပါစရှင်ဆိုတဲ့ အသံလေးတောင် ပြန်ကြားယောင်မိလာပြီ။ အသံလေးက သာယာလိုက်တာ ချိုသာလိုက်တာ။ ဒါပေသိ အဲ့အသံလေးဟာ အိပ်ချိန်ဆိုတာကို သတိပေးတာဗျ။ အဲ့ချိန်ဆို အမေက ထပြီး TV ပိတ်ပြီ။ တံခါးပိတ် မီးမှိတ် အိပ်ပေရော့ မနက်ကျ ကျောင်းသွားရအုံးမှာလေနော့။ ခုတော့ အဲ့အသံ‌မကြားရတာ ကြာပြီ။ မနက်ကျောင်းသွားစရာ မလိုတဲ့ အရွယ် ရောက်လာတဲ့အခါ တစ်အိမ်လုံး စုပြီး တူတူ TV ကြည့်တာမျိုး မရှိတော့သလို ကဲ ကဲ အိပ်တော့ဟေ့လို့ နှိုးဆော်မဲ့ အမေလည်း မရှိတော့ဘူး။ ငယ်ငယ်က အရမ်း လူကြီးဖြစ်ချင်ပေမဲ့ ခုတော့ မဖြစ်ချင်တော့ဘူး။ ငယ်ငယ်က မပျော်ရွှင်ရဘူးလို့ ထင်ပေမဲ့ ဒီအရွယ်က ပိုလို့တောင် ပျော်စရာ ရှားပါးသလို ခံစားရတယ်။ သေချာတွေးကြည့်လေလေ ငယ်တုန်းက ပိုပြီး သာယာပျော်ရွှင်ခဲ့တယ်လို့ တွေးမိတယ်။


ငယ်ငယ်က ကျနော်တို့ ကမ္ဘာကြီးဟာ ခုထက်ပိုပြီး စိမ်းလန်းသလားပဲနော်။ ရေတွေလည်း ခုထက်ပိုကြည်ပြီး လေ‌လည်း ခုထက်ပိုသန့်ရှင်းခဲ့လောက်ရဲ့။ ဪ… ကမ္ဘာကြီးဟာ ခုမှ ပျက်စီးလာသလားပေါ့။ အထင်နဲ့ မှန်းကြည့်ပြီး ဟုတ်၏ မဟုတ်၏ Data ပြန်လှန်တဲ့အခါ လွဲသဗျာ။ ခုထက်ပိုပြီး လေထုရေထုတွေ ကောင်းခဲ့တာမှန်ပေမဲ့ ခုမှ ကမ္ဘာကြီးက စပျက်စီးတာတော့ မဟုတ်ပေဘူးဗျို့။ 


 ဒီလိုဗျ။1712ခုနှစ်မှာ ရေနွေးငွေ့သုံး အင်ဂျင်စက်ကို တီထွင်ဖန်တီးခဲ့ပြီး စက်မှုခေတ် စတင်ခဲ့တာ သိတယ်မလား။1800 ခုနှစ်ကျ ကမ္ဘာ့လူဦးရေက ၁ဘီလီယံပြည့်သွားပြီ။ 1824မှာ ကမ္ဘာရဲ့Natural Greenhouse effect ဆိုပြီး ပြင်သစ် ရူပ‌ဗေဒပညာရှင် Joseph Fourier က စပြီး ဖော်ပြခဲ့တယ်။ 1861‌လည်းရောက်ရော အ်ုင်းရစ်ရှ် ရူပဗေဒပညာရှင် John Tyndall က ရေခိုးရေငွေ့တွေနဲ့ တခြားဓာတ်ငွေ့တွေကလည်း Greenhouse effect ကို ဖန်တီးပါတယ်လို့ ပြောပြခဲ့တယ်။ 1861မှာ စက်တပ်ယာဉ်တွေ…ပြောရရင် ကားတွေ ဘာတွေ ပေါ်လာပြီဗျ။ 1896မှာ ဆွီဒင်က ဓာတုဗေဒပညာရှင် Svante Arrhenius က စက်ရုံ‌မှာသုံးတဲ့ ကျောက်မီးသွေး လောင်ကျွမ်းမှုကလည်း Natural Greenhouse effect ကို ပိုဖြစ်စေတယ် လို့ စပြောခဲ့တယ်။


1900ပြည့်လွန်နှစ်တွေမှာ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးပွားလာတယ်။ CO2 တွေလည်း လေထုထဲကို ပိုပိုရောက်လာတာပေါ့လေ။ 1930လည်း ရောက်ရော လူဦးရေက 2ဘီလီယံဖြစ်သွားပြီ။ တိုးပွားချက်နော်။ 1938မှာ Guy Stewart Callendar က ကမ္ဘာကြီး ပူနွေးလာတာက CO2 တွေ မြင့်တက်လာတာနဲ့ ဆိုင်တယ်လို့ တင်ပြခဲ့တယ်။ 1950 1960 ခုနှစ်တွေမှာ Charles David Keeling က CO2တွေ အချိန်နဲ့အမျှ တက်လာကြောင်း တိုင်းတာပြခဲ့ပြီး အဲ့တာဟာ Keeling Curveလို့ နာမည်ကြီးခဲ့တာပေါ့ဗျာ။


Global warming ဆိုတဲ့ အသုံးအနှုန်း ပိုပေါ်လွင်လာတာကျ 1975 မှာ Wallace Broeckerက စာတမ်းရေးလိုက်မှဗျ။ အဲ့ကိစ္စကို တကယ် ဆွေးနွေးတာကျ ၁၉၈၈ မှ။ သိပ်မကြာရှာဘူးနော် …ဆယ်စုနှစ် တစ်ခုကျော်ကျော်လေးပဲ။ 1988 မှာ UNက Intergovernmental Panel on Climate Change (IPCC) ဆိုပြီး panelတွေ ဘာတွေထလုပ် Climate change နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ စူးစမ်း၊အန္တရာယ် ရှိလာနိုင်တာတွေ ဖော်ထုတ်ပြီး နည်းဗျူဟာတွေ ဘာညာ ထချမှတ်ကြတာပေါ့လေ။


1990 ခုနှစ်တွေက Climate Change နဲ့ ပတ်သက်ပြီး တော်တော်အရေးထားလာကြတဲ့ကာလလို့ ဆိုရမယ်။ 1990ပြည့်နှစ်မှာ ပထမဆုံး IPCC report ထွက်လာတယ်။ တော်တော်များများကလည်း ဒါကို အလေးအနက်ထား ပြောဆိုလာကြတယ်။ ရလဒ်အနေနဲ့ 1992မှာ United Nations Framework Convention on Climate Change (UNFCCC) ရယ်လို့ ဖြစ်လာတယ်။ ဒါနဲ့ စကားမစပ် အဲ့ချိန်တုန်းက လူ့လောကထဲ ရောက်ပြီလား။ ဟင့်အင်း… မမွေး သေးဘူး ဆိုရင်တော့ သွား …သွား ချိုချဥ်ချည်း စားမနေနဲ့ လွယ်အိတ်ထဲက စာအုပ်နဲ့ ခဲတံယူပြီး ဒါတွေလိုက်မှတ် …ဟဲဟဲ။


ဟောဗျာ အမှန်အကန်တွေ ပြောပြနေတာကို ရယ်ချည်းမနေပါနဲ့။ ဆက်ပြောအုံးမယ် 90sခုနှစ်တွေ ကျော်လာပြီး 2000ခုနှစ်တွေမှာ Climate Changeအတွက် တော်တော်လေး သောကထားကြတယ် ဆိုရမယ်။ 2005 မှာ Kyoto Protocolဆိုပြီး ငါတို့နိုင်ငံတွေမှာတော့ Greenhouse gasesတွေ ထုတ်တာ လျှော့ချပါမယ်လို့ ရည်စူးချက်တွေ ချကြတယ်။ မနီးမ၀ေး ကာလလို့ ဆိုရမဲ့ 2015 မှာကို Paris Agreement ဆိုပြီး လုပ်ကြပြန်တယ်။ ကမ္ဘာကြီး ပူနွေးလာမှုကို  လက်ရှိအပူချိန်ရဲ့ 2’C အောက်လောက် ရောက်အောင် လျှော့ချမယ်ပေါ့။  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေပဲ သုံးကြမယ် ဘာညာ ရည်မှန်းချက် ချကြတယ်။ အဲ့ရည်မှန်းချက်ဆီ ရောက်အောင် သွားနေ မနေကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ မသိဘူး။ တစ်ကိုယ်ရေစာ ဆိုရင်တော့ ခု ၂၀၂၄မှာ ယပ်တောင်ခတ်ပြီး ခင်ဗျားဆီ စာရေးနေရတယ်။ စဉ်းစားသာ ကြည့်ပေတော့…။


သေချာ ပြန်တွေးကြည့်ရင် Climate Changeက ခုမှ ရုတ်တရက်ကြီး ထပေါ်လာတာတော့ မဟုတ်ဘူးဗျ။ ကမ္ဘာကြီးကလည်း ခုမှ ပျက်စီးလာတာ မဟုတ်ဘူး။ ဟိုးအရင့်အရင်ကတည်းက ဖြည်းဖြည်းချင်း ယိုယွင်းလာလိုက်တာ ခုကျ အရှိန်လေးရပြီး လျင်မြန်သွက်လက်လာတာ မြင်သာလာတယ် ဆိုရမယ်။ သူ့အလိုလို ယိုယွင်းလာတာရယ်လို့တော့ မဟုတ်ဘူးဗျ လူသားတွေရဲ့ လုပ်ရပ်တွေကလည်း အင်တိုင်အားတိုက် အားဖြည့်ကူပေးသကိုး။


တော်ပြီဗျာ ဆက်ပြီးပြောရင်လူသားတွေရဲ့အတ္တတွေ၊လောဘတွေ၊ကိုယ်ကျိုးရှာတာတွေ၊လူအဖွဲ့အစည်းတွေရဲ့ အမှောင်ရိပ်ခြမ်းတွေ ပါလာတော့မှာ။ ဒီအတိုင်းလေး ကမ္ဘာကြီးဟာ ကျနော်တို့ငယ်ငယ်ကတည်းကလောက် မစိမ်းလန်း မစိုပြည်တော့ဘူးဆိုတာကို ပြောပြချင်ယုံသက်သက်ပဲ။ နောင်ကျရင်လည်း မသေချာတာမလို့ ခုချိန် အခိုက်အတန့်လေးမှာ  စိတ်ရော ကိုယ်ပါ နှစ်နှစ်ကာကာ ပျော်ရွှင်စေချင်တယ်။ ကျနော်နဲ့ တူတူဆို ပိုပျော်ရမှာလို့ ညစ်ကျယ်ကျယ်လေး ဆိုက်ကိုသွင်းချင်ပေမဲ့ စိတ်ထားကောင်းတဲ့ ကျနော်က အဲ့လို မလုပ်ပါဘူး‌‌လို့လေ။


ဘာပဲပြောပြော ဘယ်လိုပဲဆိုဆို ရောက်ရာအရပ်မှာ ကြည်သောစိတ် သာသောနှလုံးနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။


သင့်ရဲ့

ချစ်လှစွာသော …





Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page