ချစ်ရပါသောရေ
- SuLat Phyu
- Jul 3, 2024
- 2 min read
Updated: Jul 5, 2024
သို့....ချစ်ရပါသောရေ/
မင်းရှိရာ အရပ်မှာ နေသာပျော်ရွှင်ပါစေလို့ ဆုတောင်းအပ်ပါတယ်။
ဒီဘက်မှာတော့ လေသာမိုးရွာနေတယ်ဗျာ။ တောင်အရပ်ကနေ ဝေ့ဝဲပြီး တိုက်တဲ့လေဟာ မြစ်ရေတက်သတဲ့။ဒီနှစ်တော့ ခါတိုင်းထက်ပိုပြီး ရေတက်မယ်လို့ ဆိုကြတယ်။ ဟိုးအထက်အရပ်မှာလည်း ရေတွေကြီးတာ ကြောက်စရာ ကောင်းလိုက်တာ။ မြစ်ကြီးနားမြို့မှာ ရေတွေ တဝုန်းဝုန်းတိုးတာ Tiktokကနေ တွေ့လိုက်တယ်။ တစ်ခါမှ မမြင်ဖူးတော့ အံ့ ဩထိတ်လန့်မိသား။ လမ်းမကြီးပေါ်မှာ ခါးလောက်ထိ ရေတွေစီးနေတာ အိမ်ခေါင်မိုးလေးပဲ မြင်ရတော့တာ အို… အစုံ အစုံပဲဗျာ။ရေမတက်လောက်ဘူး အောက်မေ့လို့ ပစ္စည်းတွေ မသိမ်းဘဲ ထိုင်ကြည့်နေလိုက်တာ နာရီပိုင်းအတွင်း အိမ်အောက်ထပ်တစ်ခုလုံး မြှပ်သွားသတဲ့။ အပေါ်ထပ်ထိ ဝင်လာလို့ ညကြီးသန်းခေါင် သူများအိမ်သွားနေရသတဲ့ ဆိုတာမျိုးတွေ။ အိုဗျာ….ဘယ်သူ့ကိုမှ မကြုံစေလိုတဲ့ အတွေ့အကြုံတွေရယ်ပါ။
မြစ်ကြီးနားကို ဟိုးလွန်ခဲ့တဲ့ ငါးနှစ်လောက်က ရောက်ဖူးတယ်။ အဲ့တုန်းကလည်း မိုးရာသီဗျ။ မိုးလေးတဖွဲဖွဲနဲ့ တိတ်တိတ်ဆိတ်ဆိတ် မြို့လေးပေါ့။ မြစ်ဆုံကို မနက်အစောကြီး သွားလည်ပြီး ကချင်ဝတ်စုံ လေးနဲ့ ဓာတ်ပုံရိုက်ခဲ့သေး ဟေးဟေး။ အဲ့ပုံလေး မြင်ဖူးတယ်မလား။အဲ့တုန်းက ပလတ်စတစ်ဘူးတွေ ဘီယာဘူးခွံတွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေလို့ လိုက်ကောက်ခဲ့တာတောင် သတိရမိသေးတယ်။ ဟိုးအထက်အရပ်က ပလတ်စတစ်ဘူးကို အောက်ပြည်အောက်ရွာထိ မြစ်ကြောင်းတစ်လျှောက် အလည်မခေါ်နိုင်ပေါင်ဗျာ။ ခုလိုရေကြီးတော့ အမှိုက်တွေလည်း ရေထဲမျောကုန်တော့မှာလို့ တွေးမိပြန်တယ်။
ဒါပေသိ လတ်တလော အရေးကြီးတာက သက်ရှိတွေဗျ။ ခုလိုမျိုး ရေကြီးရင် ဒုက္ခအရောက်ဆုံးက သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပေါ့။ အဲ့လိုဆိုလိုက်လို့ အမျိုးသားတွေက ဒုက္ခမရောက်ဖူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ ခံနိုင်ရည်အားနဲ့ ချိန်ဆလိုက်တဲ့အခါ အမျိုးသားတွေက ကြံ့ခိုင်တယ်လို့ ဆိုချင်တာပါ။ အပေါ်က မိုးတစွတ်စွတ်ရွာ အောက်က ရေတွေနဲ့ ကျန်းမာရေးအတွက်တော့ တကယ့်ကို ရင်လေးစရာ။ ရေတွင်းရေကန်တွေ ရေမြှပ်လို့ ဘယ်ကနေများ သုံးရေ သောက်ရေ စီစဉ်ကြပါ့။ ရေတွေလည်း ညစ်ပတ်ကုန်ပီထင်ပါရဲ့။ သန့်ရှင်းတဲ့ သောက်ရေရော ရကြပါ့မလား။ ဒီလို ရေကြီးတဲ့အခါဆို မသန့်တဲ့ သောက်ရေ ကြောင့် ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များကြတယ်လေ။ အရေပြားနဲ့ ပတ်သက်တဲ့ ယားနာတွေလည်း ဖြစ်တတ်ကြတယ်။ တိုက်ဖွိုက်ရောဂါ ငှက်ဖျားရောဂါ စုံလို့စိလို့ မဖိတ်ခေါ်ဘဲ လာလည်တဲ့ ဧည့်သည် ရောဂါတွေလည်း ရှိတယ်။ ရှိရင်းစွဲ ရောဂါတွေအတွက် ဆေးဝယ်လို့ မရတာမျိုး ပစ္စည်းေတွ ပျက်စီးကုန်တာမျိုးကလည်း တမှောင့်ပေါ့။ရေနဲ့အတူ မျောပါလာတဲ့မြွေတွေ ကင်းတွေ အန္တရာယ်လည်း ရှိသေးတယ်။ ရေထဲမှာမလို့ မမြင်ရတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေ ခလုတ်တွေကြောင့် ထိခိုက်တာမျိုးလည်း ဖြစ်တတ်တယ်။ တွေးကြည့်လေလေ ရင်မောလေလေပါဗျာ။
တကယ်ကြုံတွေ့နေရသူတွေ ပိုဆိုးမှာနော်။ကိုယ့်အိမ်က မြှပ်တော့ လွတ်ရာကင်းရာ သွားနေရင်း အပျက်အစီးတွေ တွေးပြီး ဘယ်လောက်များ စိတ်ဆင်းရဲနေရှာမလဲ။ အိမ်မှာ ရေဝင်ဖူးလို့ အဲ့ခံစားချက်ကို သိတယ်။ ဒါတောင် ခြေမျက်စိလောက် ဝင်တာနော်။ စိတ်တွေရှုပ်ပြီး အော်အော်ငိုချင်စိတ် ပေါက်တယ်။ ပျက်စီးတာတွေ ရှင်းရတာလည်း ပြောမနေနဲ့တော့။ ရေကြီးပြီးနောက် ကြုံရတာက ပိုဆိုးတယ်။ အဲ့ကတည်းက မိုးလေးများ ပြင်းပြင်းထန်ထန်ရွာရင် တိတ်ပါတော့လို့ ကျိတ်ကျိတ်ဆုတောင်းတော့တာပဲ။ အဲ့တာကြောင့်မလို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက်လည်း ထည့်ပြီး စဉ်းစားပေးသင့်တယ်လို့ ထင်တယ်။ စိတ်ရုပ်နှစ်ပါးလုံး ကြံ့ကြံ့ခံနိုင်မှုဆိုတာကလည်း နှဲ့ပါများရင် လှုပ်တတ်တဲ့ ကျောက်ဆောင်ကြီးမလို့ မတုန်မလှုပ် ငြိမ်နေအောင် ထောက်တိုင် ထောက်သင့်ထောက်ဖို့ လိုသေးတယ်လေဗျာ… နော့။
စိုးရိမ်နေတဲ့ နောက်တစ်ခု ရှိသေးတယ်။ အဲ့အထက်က ရေတွေဟာ အချိန်တိုအတွင်းမှာ အောက်ပြည်အောက်ရွာကို စုန်ဆင်းလာမှာပဲ။ ခုချိန်ဟာ ဒီမှာ မြစ်ရေတိုးချိန် ဆိုတော့ကာ အထက်ကရေနဲ့ ပေါင်းမိရင် ပိုပြီး ရေကြီးအုံးမပေါ့။ အိမ်ထဲရေဝင်မှာလား တွေးပြီး သောက်ရေသန့်တွေ စုထားမိတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ထုပ်ပိုးရင်းပေါ့။ အဝတ်အစားလေးလည်း ပါသပေါ့လေ။ဆေးဝါးတွေလည်း မမေ့အပ်ရာဆိုတော့ သိမ်းရထုပ်ရ ပစ္စည်းတွေလည်း မြင့်တဲ့တနေရာ ရွှေ့ရပြုရပေါ့။ မထင်ထားလောက်အောင် ရေကြီးလာရင် ဘယ်မှာ သွားနေရမလဲဆိုတာလည်း တွေးရစီမံရသပေါ့။မှန်ရာကို ဝန်ခံရရင် ဒီလိုမျိုးတွေ မပြင်ဆင်ချင်ဘူးဗျာ။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုလည်း မခံစားချင်တော့ဘူး။ ငြိမ်သက်စိမ်းလန်းပြီး အေးချမ်းသာယာတဲ့ ကမ္ဘာကြီး ဖြစ်ရင် သိပ်ကောင်းမှာပဲနော်။
ကဲပါလေ… ဒါတွေဟာ ကိုယ်ထိန်းချုပ်လွှမ်းမိုးနိုင်မှုရဲ့ ပြင်ပကဆိုတော့ကာ အကောင်းဆုံး ပြင်ဆင်ပြီး စိတ်မာမာနဲ့ ဖြတ်သန်းရတော့မှာပေါ့။ နောင် အချိန်တွေ အကြာကြီး ကြာလာတဲ့အခါ မင်းကို အဲ့တုန်းကလေ ဆိုပြီး ရယ်ပွဲဖွဲ့ ပြန်ပြောမယ်လို့ တော့ စိတ်ကူးထားတာပဲ။
ဟောဗျာ…ရာသီဥတုအကြောင်းကနေ ပြောလိုက်မိတာ ရေကြီးတာတွေ အစုံအလင် ဖောက်သည်ချမိသွားပြီ။ စိတ်ရှုပ်သွားရော့မယ်။ တစ်ယောက်တည်း စိတ်ရှုပ်ရတာ အားမရလို့ အဖော်လှမ်းညှိတာလို့သာ အောက်မေ့လိုက်ပါဟာ..... ဟဲဟဲ။
ကျန်းမာပျော်ရွှင်စိတ်ကြည်လင်ပါစေ။
သင့်ရဲ့
ချစ်လှစွာသောလူသားလေး






Comments