top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

ခံစားမှု ရိုလာကိုစတာ

  • Writer: SuLat Phyu
    SuLat Phyu
  • Sep 22, 2024
  • 3 min read

Updated: Sep 23, 2024

အား...လေကလည်း တိုက်လိုက်တာနော်

အကျီစတွေ တလူလူလွင့်နေတာက သည်းခံလို့ရပေမဲ့ စည်းနှောင်မထားတဲ့ ဆံပင်တွေ မျက်နှာကို တဖြတ်ဖြတ်ရိုက်တာကိုတော့ စိတ်မရှည်ဘူးရယ်။ ဘောင်းဘီအိတ်ကပ်ထဲ နှိုက်ကြည့်တော့လည်း စည်းစရာ နှောင်စရာာဘာမှမတွေ့။ ဖြစ်သလို ကောက်ထုံးလိုက်တော့လည်း ပြန်ပြေကျလာပြန်ရော။ စိတ်တွေရှုပ်လာသလိုလို ဝမ်းနည်းလာသလိုလိုနဲ့ ရုတ်တရက်ကြီး မျက်ရည်တွေ ကျလာတယ်။ လေတိုက်လို့ ဆံပင်တွေလွင့်လို့ ဆိုပြီး မျက်ရည်ကျတာ ကျနော်တစ်ယောက်တည်းပဲ ရှိမယ် ထင်ပါရဲ့။


မျက်ရည်ကို လက်နဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း ဘာငိုစရာရှိလို့လဲ လို့ ကိုယ့်ဘာသာ ကြိတ်ဆူမိတယ်။ ကျောပိုးအိတ်ကလည်း လေးလိုက်တာ ပခုံးတွေတောင် နာ‌လာသလိုပဲ။ ဟိုဟိုဒီဒီ ဝေ့ကြည့်တော့လည်း ထိုင်စရာနေရာရယ်လို့ မတွေ့။ နေကလည်း စူးလိုက်တာနော်။ ကောင်းကင်ကြီးကလည်း ပြာတောက်နေတာပဲ။ လေကလည်း တဝေ့ဝေ့ တိုက်နေတုံးပဲ။ ဘာတွေများ သာယာနေလို့ လူတိုင်းက အပြင်ထွက်နေကြသလဲမသိ။ ရှုပ်ယှက်ကို ခတ်နေတာပဲ။ 


အရာအားလုံးကို ပတ်ပြီး မကောင်းမြင်ပြီးတဲ့နောက်မှာ တကယ့် တရားခံ မကောင်းမြင်ရမဲ့သူကို သတိရလာတယ်။ ဟုတ်တယ် ဒါတွေ  အားလုံးဟာ သူ့ကြောင့်။ နှလုံးတစ်ချက်ခုန်တိုင်း နာကျင်သလို ခံစားရတာ သူ့ကြောင့်။ ပြန်ပြေကျလာတဲ့ ဆံပင်တွေကို နောက်တစ်ခေါက် ထပ်တင်းတင်း‌လေး ဆွဲထုံးရင်း အတွေးပေါ်မိတယ်။ 


ဘာကြောင့် ငါ့တစ်ယောက်တည်း ခံစား‌နေရမှာလဲ။

ဟုတ်တယ် ဖုန်းရ‌အောင် ဆက်ရမယ်လို့ တွေးရင်း ကျောပိုးအိတ်ထဲက ဖုန်းကို အသည်းအသန် ပြန်ရှာမိတယ်။ ဘယ်ချောင်ကပ်နေမှန်းမသိတဲ့ ဖုန်းကို ရှာရင်း 

ဖုန်းကရော ဆက်လို့ရမှာလား

ငါ ပြောတော့ရော သူက ငါ ခံစားရသလို ခံစားရမယ်ဆိုတာ သေချာလို့လား လို့ တွေးမိတယ်။ 

 အဲ့တာဆိုလည်း ငါပဲ အရှက်ကွဲ‌အုံးမှာ။

အင်း သူကဖြင့် ငါ့ကို ဘာမှတောင် မပြောပြတာကို 

ယုံတောင် မယုံဘူးနေမှာပေါ့ ဘာမဆို ပြောပြချင်လောက်အောင် အရေးတောင် မပါဘဲနဲ့

အလကားသက်သက် ငါပဲ မာနထိခိုက်အုံးမယ်လို့ တွေးပြီး ဖုန်းရှာနေတာကို ရပ်လိုက်တယ်။


ဘေးပတ်ဝန်းကျင်ကို နောက်တစ်ခါ ဝေ့ဝဲကြည့်မိတော့ ခပ်လှမ်းလှမ်းမှာ ခုံတန်းလျားလေးတစ်ခု လူလွတ်နေတာ သွားတွေ့တယ်။ ကန်ဘေးကနေ ခွာရင်း ခုံတန်းလျားဆီ ဦးတည်လိုက်တယ်။ ထိုင်လိုက်ရင် စိတ်ငြိမ်သွားမှာ။ စိတ်ငြိမ်သွားရင် ပိုပြီး အေးအေးဆေးဆေး စဉ်းစားနိုင်မှာ။ သူရဲ့ အမြဲတမ်း တည်ငြိမ်နေတဲ့ ပုံစံလေးက ဖျတ်ခနဲ အတွေးထဲ ပေါ်လာတယ်။ ဘယ်နှစ်ဘဝလောက်များ ကောင်းမှုတွေ လုပ်ခဲ့လို့ ကျ နော့်အတွေးထဲ 24နာရီပတ်လုံး နေနိုင်ရတာလဲ မသိဘူး။ ထွက်သွားလို့ စိတ်ဆိုးမာန်ဆိုး ရေရွတ်မိသွားတယ်။


ခန္ဓာကိုယ်က ငြိမ်ငြိမ်လေး ထိုင်မိတော့မှ စိတ်ထဲ ယောက်ယက်ခတ် နေ တာကပိုသိသာလာတယ်။ အသက်ရှုလေ့ကျင့်ခန်း လုပ်ရမယ်။ ဟုတ်တယ် နည်းလမ်းစုံသုံးပြီး စိတ် ငြိမ်အောင် လုပ်ရမယ်။ အသက်ပြင်းပြင်း ရှုထုတ် ရှုသွင်း လုပ်ရင်း ပိုသတိရလာသလိုပဲ။ ခေါင်းထဲမှာ အရာအားလုံးက ရုပ်ရှင်လို ပြန်ပေါ်လာတယ်။ ဟိုးစတွေ့တုန်းက သူ့ကို သတိထားမိအောင် လုပ်ခဲ့တာလည်း သူပဲ။ မိတ်ဆွေတစ်ယောက်ရဲ့ ဓာတ်ပုံထဲမှာ ကပ်ပါလာတဲ့သူ့ကို အာရုံမစိုက်မိပေမဲ့ သူကတော့ ကျနော်ပါ ခင်ဗျားမိတ်ဆွေရဲ့ ဓာတ်ပုံထဲကသူပါလို့ စမိတ်ဆက်ခဲ့တာ။ ဓာတ်ပုံထဲကနဲ့ မတူဘူးပဲလို့ ပြောမိတော့ အပြင်မှာ ပိုကြည့်ကောင်းတာလားလို့ ရယ်ကျဲကျဲ ပြန်ပြောခဲ့တာ။ အဲ့တုန်းက သူ တော်တော် ချစ်စရာကောင်းတာပဲ။


သောက်ခွေး...ဘာတွေ တွေးနေတာတုံး။ ဘာချစ်စရာ ကောင်းတာတုံး။ ဒီလောက် ကိုယ့်ကို အတွေးများအောင် လုပ်တဲ့သူကို ချစ်စရာကောင်းတယ်လို့ တွေးနေနိုင်သေးတယ်ဆိုတော့ သွားပြီ ‌ငါတော့ ရူးနေပြီပဲ။မဟုတ်ဘူး...ဒီခရီးစဉ်တစ်ခုလုံးကိုက ရူးကြောင်ကြောင်နိုင်တာ။ ဟိုးအစောကြီးကတော့ ရူးခဲ့တာ ငါပဲ။ ငါကိုက စောင်ရူးလို့ ပျစ်ပျစ်နှစ်နှစ် ကိုယ့်ကိုယ်ကို ဝေဖန်ပစ်လိုက်တယ်။


စဉ်းစားကြည့်လေ နှစ်ကာလကြာရှည်စွာ ခင်မင်ရင်းနှီးနေမှုကို အတွေးလွဲတာ ကျနော်လေ။ သူမှမဟုတ်တာ။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိတာနဲ့ပဲ အချိန်ကာလအကြာကြီး တစ်ယောက်အတွက် တစ်ယောက် ရှိနေပေးတာနဲ့ပဲ အထင်လွဲစရာလား။ အဲ့တာ သူငယ်ချင်းသံယောဇဉ်ဟ သူငယ်ချင်းဟ လို့ ကိုယ့်ကိုယ်ကို ဆူမိပြန်ရော။ 


အရေးထဲ မျက်စိရှေ့က ဖြတ်သွားတဲ့ အတွဲက တစ်မှောင့်။ ကောင်မလေး လက်ထဲမှာ ပန်းစည်းကြီးနဲ့။ ပခုံးပေါ်က လျောကျနေတဲ့ ကောင်မလေးရဲ့အိတ်ကို ကောင်လေးက ပြန်တင်ပေးနေတယ်။ အမလေးဟဲ့ မျက်စိနောက်တာ လို့ တွေးမိတယ်။ ပန်းစည်းဆိုမှ သူက ဘာနေ့မှ မဟုတ်တဲ့ သာမန်‌ နေ့တွေမှာ ပန်းစည်းပေးတတ်တာကို တွေးမိပြန်ရော။ ကျနော်က ထစ်ကနဲဆို စိတ်တိုတတ်တဲ့သူ ဒေါသက အလင်းထက်မြန်တဲ့ အရှိန်နဲ့ ထွက်တတ်တဲ့သူဆိုတော့ အားလုံးက  စိတ်ကြီးတယ်လို့ ပြောကြတယ်။ သူကတော့ ဒေါသဆိုတာ မတရားမှုကို ငုံမခံတတ်တဲ့ စိတ်ရဲ့ သဘာဝအလျာက် ဖြစ်ပေါ်လာတဲ့ အကာအကွယ် ခံစားချက်လို့ ဆိုတယ်။ ခံစားချက်ကို ထုတ်ပြတဲ့ အ ပြုအမူကိုသာ ဂရုစိုက်ရမှာဆိုပဲ။ ကျနော် ဒေါသထွက်နိုင်တဲ့ အ ‌ခြေအနေတွေဆို သူက ပန်းစည်းပေးလေ့ရှိတယ်။ ကျနော်သာ စိတ်ခံစားချက်အလိုက် ပြုမူမိရင် အရာအားလုံးဟာ ကြေမွသွားနိုင်တယ်ဆိုတာကို ပန်းပွင့်လေးတွေနဲ့ သတိပေးတာ ဆိုပဲ။ ဒေါသနဲ့လုပ်မိတိုင်း ကျနော်ပဲ ပြန်နောင်တရတာကိုလည်း သူသိတော့ ကျနော့်ခံစားချက်တွေဟာ အများပြောသလို ကြမ်းတမ်းနေတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေလိုပဲ နူးညံ့တယ်ဆိုတာ မမေ့စေချင်ဘူးတဲ့။ သူ brainwash လုပ်တာ အောင်မြင်တယ်ဆိုရမယ်။ ပန်းစည်းတွေ ကျနော့်ဆီမှာ များလာတာနဲ့အမျှ ကျနော်လည်း ဒေါသကို နေရာတကျလေး လက်ခံပြီး ထွက်ခွာခွင့်ပေးတတ်လာတယ်။ ခုနက ကောင်မလေးရဲ့ လက်ထဲက ပန်းစည်းကို မြင်တော့ ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိမှန်း ရိပ်မိလာတယ်။  ဟင့်အင်း ဘာလို့ ငါက ကိုယ့်ကိုယ့်ကို ဒေါသထွက်ရမှာတုံး။  ဒေါသထွက်ချင်းထွက် သူ့ပဲ ဒေါသထွက်ရမှာပေါ့လို့ တွေးမိလာတယ်။


ဟုတ်တယ် ‌ဒီခရီးစဉ်က ရူးနှမ်းတယ်ဆိုရင် အဲ့ရူးနှမ်းတဲ့စိတ်ကူးပေါ်လာစေတာ သူဥစ္စာ။ သူ့ကို အပြစ်တင်ရမှာပေါ့။ စဉ်းစားကြည့် ကျနော့်ဘဝရဲ့ အရေးပါတဲ့ ဖြစ်စဉ်တိုင်းမှာ သူက ဘေးကနေရှိပေးခဲ့တယ်။ အဲ့တော့ သူ့ရဲ့ အရေးကြီးတယ်လို့ ထင်ရတဲ့ အခိုက်အတန့်မှာ ကျနော်က ရှိပေးချင်တာ။ ဒါပဲ ဒါလောက်လေးပဲ။ကျနော်ရသလောက် ကျနော် ပြန်ပေးချင်တာ မှားလား...ကဲ။ ဒီအခိုက်အတန့်မှာ သူ ဘယ်လောက်တောင် ယောက်ယက်တွေခတ်ပြီး အလုပ်များနေမလဲဆိုတာ ကျနော်မှန်းဆမိတယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေရောပေါ့။ တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့လည်း ရှိနေတယ်လေ။ ကျနော့်မွေးနေ့တိုင်း အသက်နဲ့အမျှ သစ်ပင်စိုက်ပေးတတ်ပေးမဲ့ သူ့မွေးနေ့ဆို ကျနော်က မေ့မေ့နေတတ်တယ်။ ကြာတော့ အားနာလာလို့ ဒီတစ်ခေါက်တော့ သေချာပေါက် တစ်ခုခုပြန်လုပ်ပေးမယ်လို့ တွေးမိတာ။ဒီရက်ကို အားလပ်အောင် လုပ်ဖို့လည်း ကျနော့်မှာ ဘာအခက်အခဲမှမရှိနေလို့ သမုဒ္ဒရာသုံးခုလောက်ကို ဖြတ်လာခဲ့ရတာ။ တိတ်တိတ်လေး ကျိတ်လုပ်မယ်ဆိုပြီး သူနဲ့ မဆက်သွယ်ဖြစ်တာ တစ်ပတ်လောက်ရှိပြီဆို‌ ပေမဲ့ ဒီမြေကို ခြေချမိတာနဲ့ လှမ်းဖုန်းဆက်တော့ ဖုန်းက ဆက်သွယ်မှုပြင်ပတဲ့။ သူက ဒီလောက် အလုပ်များ‌ နေတဲ့ကြားက ဘယ်သွား‌ နေ တာတုံး ဒီမှာ ရှိ နေရမှာလေ။ ရှိနေမှန်း သေချာလို့ကို ဘာမှ မပြောဘဲ ရောက်လာခဲ့တာလေ။ ဖုန်းအားကုန်တာနေမှာပေါ့လို့ တွေးပြိီး သူရောကိုယ်ရော သိတဲ့ ဒီမြို့က သူငယ်ချင်းကို ဖုန်းဆက်တဲ့အခါ သူက ဟိုရက်ကပဲ ဒီက ပြောင်းတော့မယ်ဆိုပြီး နှုတ်ဆက်‌တာ‌ တောင် လုပ်သွားပြီတဲ့။ ဘာတွေတုံး ပုံမှန်ဆို ဒီအချိန်က သူအလုပ်များဆုံးအချိန်လေ။ အသစ်တစ်ခုခုကို သူ စတင်တော့မယ်ဆိုတာတော့ သိပေမဲ့ ဘာရယ်မှန်းတော့ အတိအကျ ကျနော်မသိဘူး။ သူက မပြောခဲ့ဘူးလေ။ ကျနော်က ဘာမဆို ခရားရေလွှတ် တတွတ်တွတ် ပြောပေမဲ့ သူက နားထောင်တာ ပိုအားသာတယ်။ ဘာမဆို ပြောတတ်တဲ့ ကျနော်နဲ့ တစ်ခုခုဆို သိမ်းထားတတ်တဲ့သူ။ Personality ကွာတာကိုးလို့သာ ကျော်ချပေးခဲ့တာ။ ခုမှ ကျနော့်ကို အားနာလို့ နားထောင်ပေးခဲ့တာလို့ တွေးမိသွားပြီ။ ခုတော့ ဘယ်လောက်‌ တောင် မယုံကြည်လို့ ဒီမှာ မ နေ တော့တာကိုတောင် အသိမ‌ ပေးခဲ့ရတာလဲ။ ကျနော် သူ့ကို ထားတဲ့ သဘောထားနဲ့ သူ ကျနော့်အပေါ် ထားတဲ့ သဘောထား လွဲချော်နေပုံများ။ ဟူး..... ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလဲ‌ နော် ။ ကျနော် စိတ်ကူးတွေနဲ့ ရူးပြီး  သူ့ဆီ ‌အပြေးလာတဲ့အချိန်မှာ သူက ဘယ်ဆီရောက်နေမှန်းတောင် ကျနော်မသိဘူး။ ရူး‌ ကြောင်ကြောင်နိုင်တဲ့ အတွေးမှားတွေနဲ့ ဘယ်လောက်တောင် တုံးအခဲ့တဲ့ ကျနော်လဲ။ လှိုက်ခနဲ ဝမ်းနည်းလာတော့ မျက်ရည်က ကျချင်‌လာရော။ ရှက်လွန်းလို့ ဘယ်ကို  ပြေးပုန်းရမယ်မှန်းတောင် မသိတော့ဘူး။ ဒေါသတွေကနေ ရှက်စိတ် ဝမ်းနည်းစိတ်တွေကို ပြောင်းလဲသွားတာ မြန်လိုက်တာ။


ထိုင်နေတာ ဘယ်လောက်ကြာ‌ပြီလဲတော့ မသိဘူး။ နေတောင် ဝင်တော့မှာပဲ။ ရှုံးနိမ့်သွားသလို ခံစားချက်ကြီးနဲ့ လေးပင်နေတဲ့ ဒီနှလုံးသားကို သယ်ပိုးပြီး ဘာဆက်လုပ်ရမယ်မှန်းမသိတော့ဘူး။ ဟုတ်တယ် အိမ်ပြန်ရမယ်။ ဒီအဖြစ်အပျက်ဟာ ကျနော်သာ မပြောရင် ဘယ်သူမှ သိမဲ့ကိစ္စမဟုတ်တော့ ကျနော်သာ ပါးစပ်ပိတ်ထားရင် ရပြီ။ ရှက်တာက ထိန်းချုပ်လို့ မရပေမဲ့ ခံစားချက်ကိုတော့ ထိန်းချုပ်လို့ ရနိုင်တာပဲဟာ။ အတွေးနဲ့ ပြန်ဖို့ ထရပ်တဲ့အခါ ဖုန်းမြည်သံကြားလိုက်သလိုပဲ။ ကြည့်လိုက်တော့ သူ။ မကိုင်‌တော့ဘူးလို့ တွေးမိပေမဲ့ missed call တွေ ဆက်တိုက်ခေါ်ထားတာ ကျနော် မကြားခဲ့တာပဲ။ ဖုန်းမကိုင်ရင်လည်း ပုံပျက်နေတာ ရိပ်မိသွားမှာစိုးတယ်။အသက်ကို ပြင်းပြင်းတစ်ချက်ရှုတယ်။ အသံကို ပုံမှန်‌ေလသံဖြစ်အောင် ထိန်းရမယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး ဖုန်းကိုင်လိုက်တယ်။ 

အလောတကြီးအသံနဲ့ ဘယ်မှာလဲ တဲ့။ 

အိမ်မှာပေါ့လို့ ဟန်မပျက် ပြန်ဖြေမိတော့ 

မလိမ်နဲ့ အိမ်ရောက်ခဲ့ပြီ အလုပ်လည်း ရောက်ခဲ့ပြီ ကျနော့်မြို့‌ရောက်နေမှန်းလည်း သိတယ်။ ကျနော်တို့အဝင်အထွက် လွဲသွားတာနေမှာဆိုပြီး ကျနော် အပြေးပြန်လာခဲ့တာ။ ဒီပြန်ရောက်တော့ ဖုန်းဆက်လို့လည်း မကိုင် ဘယ်သူ့ဆီမှလည်း ရှာမတွေ့ဘူး။ ဘယ်မှာလဲ။ စိတ်ပူရလွန်းလို့ ကျနော် ရူးတော့မယ် ထင်တယ်။ 

ဟင် ...သူ့အသံက တကယ်ကြီး စိုးရိမ်နေသလိုပဲ။ ဟင့်အင်း ကျနော် အထင်မှားတာ နေမှာပါ။

ဘာလို့ အသံတိတ်နေတာလဲ။ ထိခိုက်ထားတာလား။ ဘယ်မှာလဲ ဘယ်မှာလဲ။

သူ့အသံက အလောတကြီးနိုင်နေတယ်။ စိတ်ပူနေတာလား မသိဘူး။

ကျနော် ပိုပြီး ဝမ်းနည်းလာတယ်။ ငိုချင်ရက် လက်တို့ဆိုသလို မျက်ရည်တွေ ကျလာတော့တယ်

ကျနော် အရမ်းပင်ပန်းနေလို့ အားငယ်သွားတာ နေမှာပါ။

ကျနော့် ငိုသံကို သူကြားသွားတဲ့ပုံပဲ။ 

ဘယ်မှာလဲ လို့ အကျယ်ကြီး အော်လိုက်တာ နားတောင်အူသွားမတတ်ပဲ။ နောက်ဆုံးတော့ ငိုသံမသဲမကွဲနဲ့ ကျနော် ရှိနေတဲ့နေရာကို ပြောပြလိုက်တယ်။သူ ဘာတွေ ပြောနေမှန်းလည်း မသိ‌ တော့ဘူး။ ရောက်တဲ့နေရာမှာ ရပ်နေဆိုတာကို သူ အထပ်ထပ်ပြောနေတာကိုပဲ မှတ်မိတော့တယ်။


ဖုန်းချပြီး‌တဲ့နောက်ထိကို မျက်ရည်တွေကျနေတုံးပဲ။ ဘာကိုမှ ကြောင်းကျိုးကျကျ မတွေးနိုင်ဘဲ အကြောင်းရင်းမဲ့ အားငယ်လာတယ်။ အဲ့မျက်နှာ အဲ့အသံပိုင်ရှင်ကို နောက်ထပ် မတွေ့နိုင်တော့မှာ ကြောက်လာတယ်။ သူက ကျနော့်ဘဝထဲကနေ ရုတ်တရက် ပျောက်သွားနိုင်တာ‌ပဲ။ ကျနော်တို့ ဒီတိုင်း ဝေးကွာသွားနိုင်တာပဲ။ တစ်ယောက်ဘဝထဲက တစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားနိုင်တာပဲ ဆိုတဲ့ အတွေးပဲ တွေးနေမိတယ်။ 


နေဝင်ချိန်ရဲ့ ဖြားယောင်းမှုလား။

ကျနော့်ရဲ့ အားငယ်မှုတွေကြားက အတွေးတွေကြောင့်လား။

သူ စိုးရိမ်တကြီးနဲ့ ကျနော့်ဆီ ပြေးလာတာကြောင့်လား။

သူ ကျနော့်ပခုံးကို လှုပ်ရမ်းပြီး ဘာမှ မဖြစ်ဘူးမလား ဆိုပြီး မေးတာကို

ကျနော် လုံးဝ မသက်ဆိုင်တာ ပြောမိသွားတယ်။

မမေးတဲ့ မေးခွန်းကို ဖြေမိတယ်။


ကျနော် ခင်ဗျားကို ချစ်တယ်။


ကမ္ဘာတစ်ခုလုံးရပ်သွားသလို ကျနော်ခံစားမိပေမဲ့ သူက ကျနော့်ကို ဆွဲဖက်လိုက်တာ ဖြစ်နေတယ်။


နားထဲမှာ မချင့်မရဲ ဖြစ်နေတဲ့ သူ့လေသံကို တိုးဖွဖွလေး ကြားလိုက်တယ်။

ဒီတစ်ခုလေးပဲ ကျနော့်ကို ဦးစားပေးပြီး စပြောခွင့်ပေးလို့ မရဘူးလား။

ကျနော့်မှာ အရာအားလုံးကို စွန့်လွှတ်ပြီး ခင်ဗျားဆီ လာခဲ့တာကို လို့ ပြောပြီး အသာအယာ သူရယ်တယ်။

 ကမ္ဘာကြီးကြားအောင်တော့ ကျနော်က အရင်ဝန်ခံမှာလို့ သူကဆိုတယ်။

ခင်ဗျားကို ကျနော်က အရင်ချစ်တာ လို့ သူက အကျယ်ကြီး ထ‌အော်တယ်။ 


ကျ‌နော့်မယ် နားတွေ အူသွားတာများ သူ့ရဲ့ ဝန်ခံချက်ကြောင့်လား 

တဒုန်းဒုန်း ခုန်နေတဲ့ သူ့နှလုံးခုန်သံတွေကြောင့်လား

ကျနော်မသိတော့ပါဘူး‌ဗျာ။




 
 
 

Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page