top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

Shall we wed?

  • Writer: SuLat Phyu
    SuLat Phyu
  • Dec 27, 2023
  • 2 min read

Updated: Jul 5, 2024



ကျွန်မတို့ မင်္ဂလာဆောင်ကြမယ်လေ။

တကယ်လည်း မအံ့သြပဲနဲ့ အံ့သြချင်ယောင် မဆောင်ပါနဲ့ ။

ရှင် ကြိုမှန်းထားပြီးသား မဟုတ်လား။ မရယ်ပါနဲ့ ရှင်ရဲ့။


     ဒီအပတ် ပိတ်ရက် ကျွန်မရဲ့ Calendar ထဲမှာ ဘာ အစီအစဉ်မှ မရှိတဲ့အထိ ကျွန်မ အားနေလို့လေ။ အရမ်းနီးနေပြီလား ... ထားစမ်းပါ။ တော်ဝင်မျိုးနွယ် နိုင်ငံဥသျှောင် လက်ထပ်ပွဲတွေလိုများ ဆောင်ဖို့ စိတ်ကူးထားလို့လား ရှင်က။ ချစ်ခြင်းမေတ္တာတွေပဲ ပြင်ဆင်ဖို့ လိုတာမလား။


    မြက်ခင်းစိမ်းလေးတွေ၊ စမ်းချောင်းလေးနဲ့ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်း တောင်ခြေလေး ပတ်ဝန်းကျင်မှာ ဆောင်ကြရအောင်။ ပင်လယ်ကမ်းစပ် သဲသောင်ပြင် ... ဟုတ်လား။ ဂစ်တာတစ်လက် ရှန်ပိန်တစ်ခွက်နဲ့ လှိုင်းပုတ်သံကြား ဆောင်ချင်သတဲ့လား။ ပြောစမ်းပါအုံး.... ဘယ်အချိန်ကတည်းက ကဗျာဆန်ဆန်တွေ ကျိတ်စိတ်ကူးယဉ်နေခဲ့တာတုံး။ ရှင်က ပင်လယ်ကို ကြိုက်တယ်။ ကျွန်မက တောင်တန်းတွေကို ချစ်တယ်။ မျှတသွားအောင် ပင်လယ်နားနီးနီး တောင်တန်းတွေရှိတဲ့အရပ် သွားဆောင်မယ်လေ။ ကျွန်မအကြိုက် ကျွန်မသဘောတဲ့လား။ အို... ဘယ်ဟုတ်ပါ့မလား။ နှစ်ယောက်ဆောင်မှာဆိုတော့ နှစ်ဦးသဘောပေါ့။လာပါ... ကမ္ဘာကြီးက ထင်ထားတာထက် ပိုကျယ်ပါတယ်။ ရှင့်အကြိုက်ရော ကျွန်မဆန္ဒရော ထပ်တူကျတဲ့ အရပ် ရှာရင်တွေ့မှာပါ။


    ဟင်... ရာသီဥတုက ထည့်တွက်ဖို့ လိုလို့လား။ ကဲ....ရယ်နေပြန်ပါပြီ။ ကျွန်မ မစဥ်းစားမိဘဲ မသိနိုးနားဖြစ်တဲ့အခါတိုင်း ဆရာလုပ်ခွင့်ရလိုက်သလို ခပ်ဖွဖွ ရယ်​တတ်တာကို သိပ်မုန်းတာပါနော် သိလား။အရောင်တွေလက်သွားတဲ့အထိ လိုက်ရယ်တတ်တဲ့ မျက်ဝန်းတွေကြောင့် ခွင့်လွှတ်ပေးထားမိတာတော့ ဘယ်တော့မှ ထုတ်မပြောဘူး... မှတ်။ အမိုးအကာမရှိတဲ့ အပြင်ဘက်ပတ်ဝန်းကျင်ကို ရွေးထားလို့ ရာသီဥတုကို ထည့်တွက်သင့်သတဲ့လား။ ဒီမယ် ဆရာကြီးရေ... မိုးရွာ၊နေပူ၊နှင်းကျ၊လေတိုက်လို့ ပွဲက ပျက်သွားမတဲ့လား။ ဆိုင်ကလုန်းမတိုက်သရွေ့တော့ ကျွန်မက ပွဲ​ရွှေ့ဖို့ စိတ်မကူး။ နေသာလေ လာတော့လည်း ပိုကောင်းတာပေါ့။ လင်းလင်းချင်းချင်း ရှိသပေါ့ မဟုတ်လား။ မိုးရွာနေလည်း ဘာဆန်းသလဲ။ ရှင်အမြဲ ခပ်တည်တည်ရွှီးသလို မရွာပါဘူးလို့ အာမခံရင်း ထီးပြေးဆောင်းကြတာပေါ့။


ဝတ်စုံတဲ့လား။ မင်္ဂလာဆောင်ဆိုတော့ သစ်သစ်လွင်လွင်ရှိမဲ့ တစ်ထည်ထည် ကောက်ဝတ်သွားလိုက်ရင် ပြီးရောလေ။ ဟင့်အင်း... အဲ့ဂါဝန်ဖြူ အရှည်ကြီးတွေ မဝတ်ဘူးနော်။ ကိုယ့်ဂါဝန်နဲ့ကိုယ် ခလုတ်တိုက်လဲမှာသိလို့ ရယ်ချင်လို့ ကြိုဂွင်ဆင်တာမလား။ အဲ့လို ရမတဲ့လားရှင်။ ထိုင်မသိမ်း.... ဟုတ်လား။ ရယ်ချင်ရင် ဟာသကားကြည့်လေ။ ဘယ့်နှယ့် လူကို လူပြက်စာရင်း သွင်းဖို့ ကြံစည်နေတယ်။ ကျွန်မခန္ဓာကိုယ် ကျွန်မအဝတ်အစား ကျွန်မကြိုက်တာ ဝတ်မှာ​ပဲ။ ရှင်လက်ဆောင်ပေးဖူးတဲ့ ချည်သားဂါဝန်တိုလေး ဝတ်မယ်လေ။ ပြောတော့ ရှင့်လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ သဘာဝဆိုးဆေး ချည်ထည်လေးပါဆို။ ဘာ... အခုမှ မခမ်းနားဘူးတဲ့လား။ ရှင်ပေးထားတဲ့အချိန်တွေ၊စိုက်ထုတ်ထားတဲ့ လုပ်အားတွေနဲ့ပဲ ကျွန်မ တန်ဖိုးဖြတ်လိုက်မယ်။ ကဲ... မခမ်းနား မထည်ဝါသေးဘူးလား... ပြော။ ရှင့်အဝတ်အစား​လား။ ကြိုက်တာဝတ်လေ။ အိမ်ရှေ့စံမင်းသားလေး မဟုတ်မှန်း သိပြီးသားပဲဟာ သက်တောင့်သက်သာရှိမှာ​လေး ရွေးဝတ်လာလည်း ကျွန်မက စိတ်ကသိကအောက် ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ခုပဲ... ကျွန်မထက်တော့ မလှစေနဲ့။


    ရှင်နဲ့ကျွန်မရဲ့ ကိုယ်ပိုင်နေ့ဖန်တီးမှုထဲမှာ သူငယ်ချင်းတွေကိုလည်း ဖိတ်ကြအုံးစို့။ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေ၊ ဘဝရဲ့ ရာသီအကူးအပြောင်းကြားမှာတောင် ကျွန်မတို့ဘက်က ရပ်ပေးခဲ့တဲ့ မိတ်ဆွေတွေ၊ သူတို့အပျော်တွေ ဝေမျှပေးခဲ့တဲ့သူတွေကို ကျွန်မတို့အပျော်တွေ ပြန်ဝေမျှကြစို့။ ဟယ်... မယုံနိုင်စရာတွေ လုပ်ချပြန်ပါပြီလို့ ပြောမဲ့ သူတို့အသံကို ကြိုကြားနေသလိုပဲ။ ခွက်ထိုးခွက်လန် ရယ်မဲ့ သူငယ်ချင်းအသံကိုလည်း ကြားယောင်နေမိပြီ။ နေအုံး... နေအုံး... ကျွန်မသူငယ်ချင်းမတစ်ယောက်ကတော့ ကျွန်မလှဖို့အရေး ဒို့အရေးလို့ ယူဆပြီး ဇွတ်တွေအလှပြင်ပေးတော့မှာပဲ။ ရှင့်သူငယ်ချင်း ဟိုတစ်ယောက်က နှစ်ကိုယ်တူ ဘဝတို့၊ရေရှည်စီမံကိန်းတို့ ရှင့်ကို သီးသန့် အကြံပေး၊မပေး ကျွန်မတို့ လောင်းမလား။ ဟားဟားးးး ကျွန်မတို့ ဘေးနားကလူတွေက အရောင်စုံလူစုံနော်။ ကျွန်မတို့နှစ်ယောက်စလုံးကို အမြဲပျော်ရွှင်စေချင်တဲ့ သူတို့မေတ္တာဓာတ်ကြောင့် ကျွန်မ ဝမ်းသာလိုက်ရတာရှင်။ ကျေးဇူးတင်တဲ့စိတ်ကလေး အခြေပြုပြီး သူတို့ကို ဖိတ်ကြစို့။


    ဆွေမျိုး အသိုင်းဝိုင်းကတော့ ကျွန်မ တစ်ခါမှ မစဥ်းစားဖူးဘူး။ စိတ်ကူးပိစိလေးကတော့ ရှင့်မိဘတွေကို သေချာ သွားပြီး ကျေးဇူးတင်ချင်တယ်။ ရှင့်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက်ပေါ့။ မတတ်တတတ်နဲ့ ထမင်းတစ်နပ်ဖြစ်ဖြစ် ကိုယ်တိုင် ချက်ပြုတ်ကျွေးပြီး သူတို့မေတ္တာကိုလည်း သိမ်းယူချင်တယ်။ရှင့်ကို သူတို့ရင်ထဲက ဆွဲမထုတ်သွားသလို ဘယ်တော့မှ လုယူသွားမှာ မဟုတ်တဲ့အကြောင်းလည်း သေချာစေချင်တယ်။သမီးအရင်းတစ်ယောက်လို မဖြစ်ရင်တောင် သူတို့မေတ္တာကို တန်ဖိုးထားတတ်တဲ့ သမီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားမဲ့အကြောင်းလည်း ကတိထားချင်သေးတာရှင့်။ ကျွန်မမိဘတွေအတွက်လား။ ညီတူညီမျှပဲ။ ကျွန်မကြိုးစားသလို ရှင်လည်း ထပ်တူကြိုးစားပါမယ်ဆိုတာ စာချုပ်ကို ချုပ်ထားမှာနော်။ ခုရှုပ်မှ နောင်ရှင်းပဲ။


    ကျန်တဲ့သူတွေအတွက်ကတော့ ခေါင်းမရှုပ်လိုဘူးရှင်။ လက်ထပ်ပြီးစီးကြောင်းလေး Social Media မှာ တင်ပြီး လူ့အသိုင်းအဝိုင်းကြီးကို အသိပေးကြတာပေါ့။ အချိန်ကုန် မသက်သာဘူးလား....ကဲ။ သိပ်အသုံးဝင်တဲ့ နည်းပညာတိုးတက်မှုတွေ။


    ဧည့်သည်တွေကို ကျွေးဖို့အစားအသောက်ကတော့ ထုံးစံအတိုင်း ရှင်ကြိုက်တာနဲ့ ကျွန်မကြိုက်တာပေါ့။ အကြိုက်မတူတာ ကောင်းလိုက်တာ။ မတူညီတဲ့အရာနှစ်ခုကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးကောင်းပဲ။ သေချာတွေးကြည့်ရင် တစ်သက်လုံး အချိန်တူတူ ကုန်ဆုံးသွားဖို့ ဆုံးဖြတ်ရဲတဲ့ ကျွန်မတို့နှစ်ယောက် သတ္တိကောင်းချက်နော်။ အခက်အခဲတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ၊ လောကဓံတွေ မရိုးနိုင်အောင် ကြုံရအုံးမှာမို့ ကျွန်မတို့ အားပြည့်နေဖို့ လိုတယ်မလား။ ကယ်လိုရီများများ၊ အချိုများများ၊ ချဥ်စပ်ဖန်ခါး အရသာစုံအောင် မှာလိုက်ရအောင်နော်။ကျွန်မတို့ ရှေ့ဆက်မဲ့ ဘဝအရသာတွေလို့ တင်စားပစ်လိုက်မယ်လေ။ဧည့်​သည်တွေလည်း ကြိုက်လောက်ပါရဲ့။


    ကျွန်မကတော့ ဧည်သည့်တွေကို ကျေးဇူးတင်လို့ တစ်ခုခုလေး ပြန်လက်ဆောင်ပေးချင်တယ်။ ကျွန်မတို့ လက်နဲ့ လုပ်ထားတာလေးပေါ့။ သစ်ပင်လေးတွေ ဆိုရင်ရော။ ပျိုးပင်လေးတွေ ပျိုးဖို့ဆို အချိန်လိုတယ်လား။ အဲ့တာဆိုလည်း ခုကစ လုပ်ရအောင်လေ။


    ကျွန်မကို တင်တောင်းဖို့တဲ့လား။ ရွှေ၊ငွေ၊ ရတနာပစ္စည်း ကျွန်မသဘောကျရင် ကျွန်မဘာသာ ဝယ်မှာပေါ့လို့ မပြောတော့ဘူးနော်။ ရှင်သိသားပဲမလား။ တစ်သက်လုံး အတူနေဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးအကြောင်း ရှင်သိတယ်လို့ အကြွင်းမဲ့ ယုံထားတယ်။ ရှင့်ရဲ့လက်ဆောင်လေးနဲ့ ပတ်သက်ပြီး ဘာမှန်းမသိဘဲ ကြိုရင်ခုန်ခွင့် ကျွန်မကို ပေးမယ်မလား။ မျှော်လင့်မိပါရဲ့ရှင်။


    ကဲ.... ဘာများ ကျန်အုံးမလား ကိုအစီအစဥ်ကောင်းသူကြီးရေ။ ကျန်ခဲ့လည်း ဘာအရေးလဲ။ သတိရတဲ့အချိန် ထလုပ်ကြတာပေါ့နော့။


    ဒီတစ်ပတ် ပိတ်ရက်နော်။ ဒီအပတ် ပိတ်ရက်။ ရှင်ရော ကျွန်မရော အားတဲ့ ဒီအပတ် ပိတ်ရက်။


    မနိုင်ဘူးဆိုပြီး ခေါင်းယမ်းယမ်းပြီး သည်းခံပြုံးကြီး လာလာ ပြုံးမပြနေနဲ့တော့။ ရှင်ပဲ စပြီး လက်ထပ်ပါရစေ လာလုပ်တာနော်။ စကားကြုံလို့ ပြန်ပြောတိုင်း ရှင်လက်ထပ်ချင်လွန်းလို့ ကျွန်မမယ် ရှားရှားပါးပါး အားလပ်ရက်လေးကို မနားဘဲ သနားလွန်းလို့ မဂ်လာဆောင်ပေးလိုက်ရတာဆိုပြီး ရှင့်ကို တစ်သက်လုံး ဗီလိန်ဇာတ်သွင်း စတိုရီခင်းတော့မှာနော်။ ကြိုပြောထားတာ။


    စကားမစပ်... ရှင် လက်ထပ်ခွင့်တောင်းတဲ့ နေ့က ပေးတဲ့ စာအုပ်ပုံကြီးကို ကျွန်မ သွားချိန်ကြည့်သေးတယ်။ ကျွန်မ body weight နဲ့ အတိပဲဆိုတာ မယုံလို့ ဟီးဟီး။ မထင်ထားဘူး ကွက်တိ​ပဲ ကိုယ့်ဆရာရေ။ကျွန်မ weight က တက်တက်သွားမှာဆိုတော့ ရှင်လည်း ထပ်ထပ် ဝယ်ပေးအုံးနော်။ သြော်... ဒါနဲ့ မနေ့ညက အဲ့စာအုပ်တစ်အုပ်ထဲမှာ လက်စွပ်လေးတစ်ကွင်း ညပ်နေတာတွေ့လို့ ယူလိုက်ပြီနော်။ ရှင့်ကို ယူမယ်လို့ ပြောတာ အဲ့လက်စွပ်ကွင်းလေး၊အဲ့စာအုပ်လေးတွေနဲ့ လုံးဝ မဆိုင်ဘူးနော် သိလား။ ချစ်ခြင်းမေတ္တာကို ရှင်ဖော်ပြတဲ့ နည်းလေးတွေက အရမ်းမိုက်ကြောင်းတော့ ဝန်မခံချင်ပါဘူး။ အဲ့မုန်းစရာကောင်းတဲ့ လူတတ်ကြီး အပြုံးကို ချဥ်လို့။


    ကဲ... ကျွန်မကတော့ ဘဝအရေးကို တစ်ထိုင်တည်း ဆုံးဖြတ်ချက် ချလိုက်ပြန်ပြီ။ ကျွန်မနဲ့ ရှင်ရဲ့ ချစ်ခြင်းမေတ္တာကို လောင်းကြေးထားပြီး ကံကြမ္မာနဲ့ လောင်းကစားလုပ်ဖို့ ကျွန်မဘက်ကတော့ အသင့်ပဲ။ ကျွန်မတို့ ချစ်ခြင်းတရားတွေ အောင်နိုင်ပါစေ။



 


Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page