top of page
  • Black Facebook Icon
  • Black YouTube Icon
  • Black Instagram Icon
  • Black Pinterest Icon

Covid အစနေ့ရက်များ

  • Writer: SuLat Phyu
    SuLat Phyu
  • Dec 28, 2023
  • 1 min read



မန္တလေးမြို့ ဝင်းတွေ ရပ်ကွက်တွေထဲက သာမန်ရပ်ကွက်လေး တစ်ခုပေါ့။မြို့အစွန်လို့ဆိုလို့ ရကောင်းပေမဲ့ ခုတော့ မြို့တွေဟာ ထိစပ်နေကြတာဆိုတော့ ဆင်ခြေဖုံးရပ်ကွက်လေး၊လူဦးရေ မစိတ်မကျဲနဲ့ ထူးထူးခြားခြား ပြစရာမရှိတဲ့ ရပ်ကွက်လေး တစ်ခုပါပေါ့။ ဒါမဲ့ ဒီနေ့တော့ ရပ်ကွက်ငယ်လေးဟာ ကောလဟလတွေ၊ သတင်းတွေကြား လှုပ်လှုပ်ခတ်ခတ်။ဒီရပ်ကွက်ငယ်လေးဟာ Covid နဲ့ ပတ်သက်ပြီး တရုတ်ပြည်မှာ စဖြစ်တုန်းကရော၊အီတလီမှာ လူပေါင်းများစွာ ဆုံးပါးသွားတုန်းကရော၊ အမေရိကမှာ ကူးစပ်မှုနှုန်းတွေ စံချိန်တင် မြင့်တက်တုန်းကရော မတုန်လှုပ်ခဲ့တဲ့ ရပ်ကွက်လေး။ ယုတ်စွအဆုံး မြန်မာတစ်နိုင်ငံလုံး သေဆုံးမှုတွေ တက်ပြီး ကူးစက်သူတွေ ထောင်ချီခဲ့စဥ်ကတောင် အရယ်အပြုံးမပျက်ခဲ့တဲ့ ရပ်ကွက်ငယ်လေးဟာ ခုတော့ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားခဲ့ပြီ။

တိတိကျကျဆိုရရင် ကုန်စိမ်းစျေးဒိုင်ကြီးက ပိုးတွေ့သတင်းက အစပြုပြီး ရပ်ကွက်ငယ်လေးရဲ့ တည်ငြိမ်မှုကို စတင် တိုက်ခိုက်ခဲ့တာပါ။ ရပ်ကွက်နေ (၈၀%) ဟာ ကုန်စိမ်းစျေးရောင်းသူတွေ။ လက်ကားရောင်းချသူတွေ၊ လက်လီစျေးသည်လေးတွေ၊ ကိုယ်တိုက်စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကို စျေးထဲ ပြန်သွင်းသူတွေနဲ့ ပြည့်နေတဲ့ ဒီရပ်ကွက်လေးမှာ ကုန်စိမ်းစျေးကြီးထဲ ပိုးတွေ့တော့ ဆက်စပ်တွေပါလာတာ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့လူ့စိတ်ဆိုတာကလည်း အခက်သားကလား။

  ကမ္ဘာတစ်ဖက်က သေဆုံးသတင်းတွေ ကြားတုန်းက ဒီရောဂါကြီးက ဆန်းကဆန်းနဲ့ ဆေးလည်း မပေါ်သေးဘူးတော့ဆိုပြီး ကြောက်သလိုလိုရှိခဲ့ပေမဲ့  ကိုယ့်ဘေးနားမှာ ခုလိုတွေ ရှိလာတော့ ကြောက်ရွံ့မှု တစ္ဆေဟာ အိမ်ခေါင်းရင်းမှာ တက်ထိုင်တော့တာပဲ။

ဒီနေ့ မနက်ဦးပိုင်းက ရပ်ကွက်လေးဟာ ပုံမှန်ပြန်ဖြစ်ချင်ယောင်ဆောင်ဖို့ ကြိုးစားပမ်းစား လုပ်နေခဲ့ပါတယ်။ အဲ့အခိုက်မှာပဲ Q ဝင်နေတဲ့သူတွေထဲက ပိုးတွေ့လို့တဲ့ ဆိုတဲ့ သတင်းဟာ တောမီးပမာ ပျံ့လာတယ်။ ဟိုဘက်အိမ်၊ ဒီဘက်အိမ် လှမ်းအော်ပြောကြ၊ ခြေရင်းအိမ် ခေါင်းရင်းအိမ် ဝန်းထရံခြား သတင်းဖလှယ်ရင်း တစ်ယောက်မဟုတ်ဘူး၊ နှစ်ယောက် တွေ့တာတို့ တစ်အိမ်လုံးကို လာခေါ်သွားပြီတို့ ထုံးတွေများ ဖြူးထားတာ ဖွေးလို့တော့ရယ်တို့နဲ့ စကားတွေထဲ အတွေးတွေဟာ စီစီဝေဝေ။  Q ဝင်နေတဲ့ထဲက ဘယ်သူ P ဖြစ်မှန်း မသေချာတော့ အိမ်ကို ဟိုနေ့က ဘယ်သူလာသွားတာ၊ အမလေးတော့ရေ ကျုပ်ဖြင့် သနားလို့ မနေ့နေ့လည်က ဟင်းတစ်ခွက်ပို့ရင်း အားပေးခဲ့သေးတာ ကျုပ်တော့ သွားပါပြီတော်လို့ ငိုမဲ့မဲ့ ပြောနေတဲ့ အဒေါ်ကြီးတွေရဲ့ ပူပန်မှုက ဒီရေလှိုင်းတွေလို တဝုန်းဝုန်း။ဟဲ့ ညည်းတို့က P ဖြစ်တယ်လို့ ပြောတဲ့အိမ်နဲ့ လမ်းကြားခြားပေမဲ့ ဂရုစိုက်အုံးအေ့ အဲ့အိမ် နောက်ကပ်ရက်အိမ်က ညည်း အဒေါ်အိမ်မလား။ သူ့လည်းကြည့်ပြောအုံး အိမ်ကို အရင်လို တနေ့ ၁၈ခေါက် လာလည်နေတာ ခုချိန်​ခါကြီး ရောဂါပိုးတွေက ပျံ့ကပျံ့နဲ့အေ့။ လှမ်းသတိပေးတဲ့ အဒေါ်ကြီးစကားအဆုံးမှာ ပြောခံရတဲ့ ကောင်မလေးလေးဟာ ကြောက်စိတ်နဲ့ မျက်ရည်အဝိုင်းသား။ နဂိုကတည်းက တွေးကြောက်နေတဲ့အထဲ ခုလိုသူများက ထုတ်ပြောလိုက်တော့ အဲ့ကောင်မလေးဟာ ပြိုမလိုမိုးလို ငိုချင်ပေမဲ့ ထိန်းထားရင်းနဲ့ ဟုတ်ကဲ့ လိုက်ရင်း အိမ်အတွင်းထဲ ပြန်ဝင်သွားလေရဲ့။ ရပ်ကွက်စျေးလေးထဲ ကုန်စိမ်း​ရောင်းတဲ့ မိန်းမငယ်လေးကတော့ လေးနှစ်အရွယ် သူ့သားကို လမ်းထိပ်ထွက် တခြားကလေးတွေနဲ့ ဆော့တဲ့အမှုနဲ့ ဆော်ပလော်တီးပါလေရော။ ကလေးငယ်ရဲ့ စူးရှရှငိုသံကြားမှာ အမေလုပ်သူရဲ့ ပိုးတွေ လေ​ထဲပျံ့နေတာကို ကမြင်းဖို့ အာရုံရောက်နေတဲ့ကလေး၊ မအေမိဘက စားဖို့သောက်ဖို့ ပိုက်ဆံရှာနေတုန် လစ်တာနဲ့ လုပ်ချင်ရာလုပ်တဲ့ကလေးလို့ ညည်းညူသံကြားက စိုးရိမ်သောကဟာ ထင်ထင်ရှားရှား။ ကျေးဇူးရှင်ကြီးရေ အပြင်ထွက်ဖို့ လမ်းရှာပြန်​ပလား မတ်တပ်တော့ရေ မတ်တပ်လို့ မီးဖိုချောင်ထဲက လှမ်းအော်တဲ့ အသံဟာ ဘယ်အိမ်ကမှန်း မသိပေမဲ့ လေအဝေ့မှာ စီခနဲ။

 စိုးရိမ်သောက ခေါင်းစဥ်ကတော့တူပေမဲ့ မူကွဲလေးတွေပေါင်းစုံနဲ့ ရပ်ကွက်ထဲကလူတွေကတော့ သက်ပြင်းတွေချလိုက်၊ အော်လိုက် ဟစ်လိုက်နဲ့ တစ်နေ့တာဟာ အသက်ဝင်နေဆဲပါပဲ။ရပ်ကွက်ငယ်လေးကို Covidဟာ ဘေးကနေ ကပ်ခြောက်နေရင်း သူ့ရဲ့ အေးစက်စက်လက်ကြီးနဲ့ ဖြတ်ခနဲ ထိသွားတဲ့ ရက်တစ်ရက်ပေါ့။

Comments


JOIN MY MAILING LIST

Thanks for subscribing!

© 2021 by Su Lat Phyu. Powered by Wix.

  • Instagram
  • YouTube
  • Facebook
  • Pinterest
bottom of page