သိပ် စိတ်ဓာတ်ကျနေလား?
- SuLat Phyu
- Mar 13, 2024
- 2 min read
Updated: Jul 5, 2024
ဘ၀မှာ စိတ်ဓာတ်တွေကျပြီး ဘာမှကို မလုပ်ချင်သလို ဖြစ်နေပါသလား?
ဘဝကြီးဟာ အဓိပ္ပာယ်မဲ့နေသလို ခံစားနေရပြီး
ငါ့ကို ဘယ်သူမှလည်း နားမလည်ဘူးလို့ တစ်ယောက်တည်းတွေ ပန်းနုသွေး
အရမ်းတွေ အထီးကျန်နေပါသလား?
လုပ်မနေနဲ့ ခင်ဗျားတစ်ယောက်တည်း အဲ့လိုခံစားရတာ မဟုတ်ပါဘူး။
စိတ်ဓာတ်ကျနေတဲ့ လူတွေမှ တောင်ပုံရာပုံပဲ။ စိတ်ဓာတ်ကျနေရတာ ပျင်းလာရင် အဲ့တွင်းနက်ကြီးထဲက ပြန်တက်နိုင်မဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်။
၁။ လောကကြီးမှာ ပြီးပြည့်စုံပြီး ပျော်ရွှင်နေတဲ့သူရယ်လို့ မရှိပါဘူး။
မနက်မိုးလင်းကတည်းက ကြားနေမြင်နေရတဲ့ အကြောင်းတွေ၊ social media ပေါ်က အကြောင်းတွေကြောင့် ကိုယ်ကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံးဟာ သာယာအေးဆေး အလှပဂေးဖြစ်နေတယ်လို့ ထင်ရနိုင်ပါတယ်။ လူတိုင်းမှာ အများကို ချမပြတဲ့ စိတ်ညစ်စရာတွေ၊ စိုးရိမ်သောကတွေဆိုတာ ရှိစမြဲပါ။ ဘဲတွေရေကန်ထဲ ရေကူးနေသလိုပေါ့ဗျာ။ကန်ရေပြင်ထက်မှာသာ အေးဆေးအငြိမ်းလေး ဖြစ်နေတာ ရေအောက်မှာ ခြေထောက်တွေက အဆက်မပြတ် ယက်နေရတာမျိုးပေါ့။ အဲ့တော့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ခုလိုတွေ ခံစားနေရတာမဟုတ်သလို အဲ့လိုခံစားရတာကလည်း ဘဝရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ နှလုံးသားလေးပေါ် လက်တင်ပြီး ကြင်ကြင်နာနာလေး ပြောလိုက်ပါ။ ခုလိုခံစားနေရတာဟာ လူတိုင်းကြုံတွေ့ခံစားရတာမျိုးဖြစ်ပြီး အချိန်တစ်ခုရောက်ရင် အားလုံးအဆင်ပြေသွားမှာပါလို့။
၂။ ကိုယ့်ကိုယ်ကို အရမ်းကြီး တွန်းအားမပေးပါနဲ့။ သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
သူများတွေကတော့ အလုပ်တွေရနေပြီ အောင်မြင်နေပြီ ငါကတောာ့ ဘာမှလုပ်စရာမရှိဘဲ ကိုရီးယားကားကြည့်တုန်း ဆိုပြီး ကိုယ့်ကိုယ်ကို သူများနဲ့ယှဉ် အပြစ်မတင်ပါနဲ့။ သူ့Timeline
နဲ့ ကိုယ့်Timeline မှ မတူတာလေနော့။ ဒီအချိန်လေးဟာဆိုရင်တော့ဖြင့် ကံကြမ္မာကဖန်တီးပေးတဲ့ ကိုယ့်ရဲ့ အားလပ်ရက်ကာလလေးလို့ အောက်မေ့ပြီး Screenပေါ်က ကိုရီးယားကားမင်းသားလေးကို ပြုံးပြလိုက်ပါ။ လေလေးချွန်ပြီး သီချင်းလေး ညည်းလိုက်ပါ။ ရှေ့တိုးမဲ့ဆင် နောက်က်တစ်လှမ်းဆုတ်တယ်လို့ မှန်ထဲက ကိုယ့်ကိုယ့်ကို အားပေးပါ။ သူများရဲ့ ပျော်ရွှင်အောင်မြင်မှုကို မုဒိတာပွားရင်း ကိုယ့်ရဲ့အောင်မြင်မှုဟာလည်း လက်တစ်ကမ်းမှာလို့ ယုံကြည်ပေးပါ။ အကယ်၍များ စိတ်မနိုင်ဘူးဆိုရင်တော့ဖြင့် Social media ကို ခဏနားပါ။ ကိုယ့်ကို ပျော်ရွှင်စေမဲ့အရာတွေကို နေ့စဉ် လုပ်ဆောင်ပေးပါ။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်လေးတွေ ကြည့်ရင်း မုန့်လေးစားရင်း ဟာသလည်း ပြောရင်း ကိုယ့်ကို ဒုက္ခပေးနေတဲ့ အတွေးတွေကို စွန့်ပစ်လိုက်ပါ။
၃။ခုချိန်ထိ ကိုယ်အောင်မြင်ခဲ့တာ ပျော်ရွှင်ခဲ့တာတွေကို စာရင်းလုပ်ပါ။ ကျေးဇူးတင်တဲ့အရာတွေကို ချရေးပါ။
ဘူနေတာအားလုံးကို စွန့်ပစ်ပြီးတဲ့နောက် ခုချိန်ရောက်တဲ့အထိ အောင်မြင်ခဲ့တာတွေ ပျော်ရွှင်ခဲ့တာာတွေကို ပြန်သတိရပြီး စာရင်းလုပ်ကြည့်ပါ။ အသက်လေးနှစ်မှာ ဖေဖေဝယ်ပေးတဲ့ ပါဝါရိန်းဂျား အရုပ်ရလို့ ပျော်ရွှင််ခဲ့တာကနေ စပြီး မနေ့မနက်က ကိုယ်ကြိုက်တဲ့ကိတ်မုန့်လေး စားလိုက်ရလို့ ပျော်မိတာထိ စိတ်ထဲကို တိုးဝင်လာတဲ့ ပျော်ရွှင်မှုတွေအကုန်ကို ချရေးပါ။ အောင်မြင်မှုတို့ ပျော်ရွှင်မှုတို့မှာ ကြီးတာသေးတာ မရှိဘူး။ ငယ်ငယ်တုန်းက ဆုရတာ အားကစားတော်တာကနေ စပြီး စိတ်ထဲမှာ စွဲကျန်နေတဲ့အရာတွေကို ချရေးကြည့်ပါ။ အဲ့တာပြီးရင်တော့ ငါက တကယ်တော်ပြီး ပျော်ရွှင်တဲ့သူပါလားလို့ ကိုယ့်ကိုယ်ကို ချီးကျုူးဖို့ မမေ့ပါနဲ့။ ရေးလက်စနဲ့ ဒီနေ့ဒီအချိန်ထိ ကိုယ် ကျေးဇူးတင်နေတဲ့ လူတွေ အရာတွေအကြောင်းကိုလည်း ချရေးလိုက်ပါ။ စိတ်ပါလက်ပါနဲ့ ကျေးဇူးစကားလေးဆိုကြည့်ပါ။ စိတ်ရဲ့အကြည်ဓာတ်လေးဟာ ချက်ချင်းဆိုသလို ကိုယ့်ဆီရောက်လာမှာပါ။
၄။ စိတ်ဓာတ်ကျရတဲ့ ခံစားချက်တွေရဲ့ အကြောင်းရင်းကို ဆန်းစစ်ပါ။
စိတ်ရဲ့အကြည်ဓာတ်လေးရပြီးတဲ့နောက်မှာ ဘာကြောင့်များ ငါ စိတ်ဓာတ်ကျနေရပါလိမ့်လို့ ကိုယ့်ကိုယ်ကို သေချာ ပြန်မေးကြည့်ပါ။ အလုပ်မရလို့ စိတ်ဓာတ်ကျနေတာလား၊ စာမလိုက်နိုင်လို့ စိတ်ရှုပ်နေတာလား ဝင်ငွေမရှိလို့ စိတ်ညစ်နေတာလား အစရှိသဖြင့် ကိုယ်စိတ်ဓာတ်ကျနေရတဲ့ အကြောင်းရင်းကို မကွယ်မဝှက်တမ်း ဆန်းစစ်ကြည့်ပါ။ စိတ်ရှုပ်လို့ ရုပ်ရှင်တွေချည်း ထိုင်ကြည့်နေမိတာတွေ နေ့မအိပ်ညမအိပ် ဂိမ်းဆော့နေမိတာတွေ ဘယ်သူနဲ့မှ မတွေ့ဘဲ တနေကုန် Newsfeed ချည်း ထိုင်ပွတ်နေမိတာတွေ၊ အဲ့လိုတွေ လုပ်မိလို့ ကိုယ့်ကိုယ်ကို အပြစ်တင် ပိုပြီး စိတ်ရှုပ်။ အဲ့တာနဲ့ပဲ သံသရာလည်နေမိသလားလို့ အချိန်လေးပေးပြီးသေချာ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကို အစွမ်းကုန် ရိုးသားလိုက်ပါ။ စိတ်ဓာတ်ကျနေမိတဲ့အကြောင်းရင်းတွေ အဲ့အကြောင်းပြချက်နဲ့ လျှောက်လုပ်နေမိတာတွေ အကုန်လုံးကို ချရေးကြည့်ပါ။ ကိူယ်ဘာဖြစ်နေသလဲ ဘာတွေခံစားနေရသလဲဆိုတာကို စိတ်အေးအေးလေးထားပြီး ပြန်လည် သုံးသပ်ကြည့်ပါ။
၅။ မိမိလုပ်ရတာလည်းပျော်ပြီး တော်တယ်လို့ သတ်မှတ်ထားတဲ့ အရည်အချင်းတစ်ခုကို လုပ်ဆောင်အသုံးချပါ။
စိတ်ရဲ့အကြည်ဓာတ်လည်း ရင်ဝယ်ပိုက်ပြီး မိမိဘာကို ခံစားနေရတာလည်းဆိုတာ ရှာဖွေသိရှိပြီးနောက်မှာ တစ်ခုခုကို စတင်လုပ်ဆောင်ဖို့ အချိန်ကျရောက်လို့ လာပါပြီ။ ဘာကို လုပ်ရမလဲလို့ အတွေးများနေရင်တော့ ကိုယ်လုပ်ရတာလည်း ပျော်ပြီး တော်တဲ့ အရည်ချင်းတစ်ခုကနေ စလုပ်လိုက်ပါ။ ဆိုကြပါစို့… ကိုယ်ဟာ ဟင်းချက်ရတာ သဘောကျပြီး ဟင်းချက်တိုင်း အမြဲချီးကျူးခံရတယ်ဆိုရင် ဟင်းတစ်ခွက် စချက်လိုက်ရအောင်။ ကိုယ်ရဲ့ ဖက်ရှင်ဟာ အမြဲလန်းနေပြီး ဖက်ရှင်အကြောင်း စိတ်ဝင်စားတဲ့သူဆိုရင် ကိုယ့်ရဲ့ ဖက်ရှင်တွေကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာကြီးသိအောင် Social Media ပေါ် တင်လိုက်ရအောင်။ စာအရမ်းတော်တဲ့သူ စာလေ့လာရတာကို စိတ်ဝင်စားတဲ့သူဆိုရင် ဘာသာရပ်အသစ်တစ်ခုခု ဒါမှမဟုတ် ဘာသာစကား အသစ်တစ်ခုခုကို လေ့လာလိုက်ရပေ့ါ။ တို့က ကိုရီးယားကား ကြည့်တာ သိပ်ဝါသနာပါတာ ဆိုရင်လည်း ကိုရီးယားကားတွေ ရှယ်ကြည့်ပြီး review တွေ ရေးလေ။ ဘယ်သူသိမလဲ…. ကိုယ်က Fashion blogger, Movie Reviewer ဒါမှမဟုတ် Chef ဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲဟာ။ ကိုယ်စိတ်ပျော်တဲ့ တော်တဲ့အရာတစ်ခုခုကို လုပ်နေရင် စိတ်ဖိစီးမှုလည်း လျော့ကျစေနိုင်သလို တစ်ခုခုကို လုပ်နေတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုတိုးလာပြီး တခြားအရာတွေကို ဆက်လုပ်ဖို့ ခွန်အား ရလာစေနိုင်ပါတယ်။
စိတ်ဓာတ်ကျတယ်ဆိုတဲ့ခံစားချက်ဟာ ကိုယ့်ကို ဒဏ်ရာတွေပေးပြီး ဘယ်တော့မှ ပြန်မလာတော့တဲ့ Crush နဲ့ လုံးဝမတူတာကြောင့်မလို့ ခင်ဗျားတို့ဆီကို သူက ခဏခဏ အကြောင်းတိုက်ဆိုင်တိုင်း လာလည်နေအုံးမှာပါ။ အဲ့တာက ပုံမှန်မလို့ အရမ်းတွေ နစ်မျောပျော်ဝင်မသွားဘဲဘဲ ခံစားချက်ကို လက်ခံပြီး ထွက်ခွာခွင့်လည်း ပေးလိုက်ပါ။ Stress နဲ့ သူငယ်ချင်းလုပ်ကြည့်ပါ။ BFFတွေ ဖြစ်ရင် ဖြစ်သွားမှာပေါ့။ စိတ်ဓာတ်ကျတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ပြန်မထတတ်ဘူးဆိုမှ ပြဿနာ။ ငိုပြီးပဲ ပြန်ထ အော်ဟစ်ညည်းတွားပြီးပဲ ထထ ကြိုက်သလိုသာထ တစ်ခုပဲ ပြန်ရအောင်သာ ထ။




Comments