စိတ်ဖြေရာ
- SuLat Phyu
- Aug 5, 2024
- 2 min read
ကျနော်တို့ဆီမှာ အရင်းနှီးဆုံးသူတွေကို မပြောပြလိုတဲ့ အကြောင်းအရာတွေ ရှိတတ်တယ်ဗျ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မိသားစုကို မပြောပြချင်တာ... အချစ်ဆုံးသူကို မပြောပြချင်တာ။ တစ်ဘဝလုံးမှာ အရေးကြီးဆုံးက မိသားစုပဲ၊ အချစ်ဆုံးသူပဲလို့ ခံယူထားရင်တောင်မှ တန်ဖိုးအထားရဆုံး သူတိုကို မပြောပြလိုတဲ့ အရာတွေမှ အများကြီးမှ အများကြီးပဲရှိတတ်ပါတယ်။သူစိမ်းတစ်ယောက်ကို ပြောပြဖို့ လွယ်ကူပေသိ မိသားစုကို သို့မဟုတ် အချစ်ဆုံးကို သို့မဟုတ် အရင်းနှီးဆုံးသူတွေကို မပြောပြချင်ဘူးဆိုတဲ့ အချိန်အခါတွေ ကြုံဖူးကြမှာပါ။
ဘာလို့လဲ?
သူတို့စိတ်ဆင်းရဲသွားမှာ
စိတ်မကောင်းဖြစ်သွားမှာ
ကိုယ့်ကို judge လုပ်မှာ တစ်မျိုးထင်သွားမှာ အစရှိသဖြင့်
အကြောင်းအရာပေါင်း သောင်းခြောက်ထောင် ရှိသပေါ့ဗျာ။
သို့ပေသိ သူတို့က အဲ့တာကို မသိကြဘူးဗျာ။
ဟဲ့ ဘာဖြစ်နေတာလဲ ပြောလေ
အချိုးတွေ ပြောင်းနေတယ်နော်
နင် ဘာတွေ မဟုတ်တရုတ်တွေ လျှောက်လုပ်နေတာတုံး
ပြစမ်း ပေးစမ်း နင့်ဖုန်း
နင့်သူငယ်ချင်းတွေဆီ လှမ်းမေးလိုက်ရမလား... စတဲ့ စတဲ့
တွေးကြည့်ယုံနဲ့တင် စိတ်ရှုပ်စရာကောင်းတာတွေကို လျှောက်လုပ်ပါတော့တယ်။
ဆိုတော့ ကျနော်တို့မှာ ပိုလို့ ဘူရတယ်။
စိတ်ဓာတ်ကျတယ်။
စိတ်ညစ်တယ်။
စိတ်ရှုပ်တယ်။
မနည်းတောင့်ခံပြီး မျိုသိပ်နေတဲ့ အချိန်အခါမလို့ သူတို့တွေ အဲ့လိုပြုမူလိုက်တာက စနက်တံဖြုတ်ပေးလိုက်သလိုပဲ။ အကုန်လုံး ပေါက်ထွက်ကုန်ရော။ နဂိုကမှ မပြောပြချင်တဲ့ အကြောင်းအရာတွေကြောင့် ထွက်ပေါက်ရှာနေပါတယ်ဆိုမှ ခုကျ အားလုံးစုပြုံပြီး ထွက်ပေါက် အကြီးကြီး တွေ့သွားတတ်ကြတယ်။
စိတ်ထဲက ပါပါမပါပါ နာကျင်စရာကောင်းတဲ့ စကားတွေ ပြောမိတယ်။ ဒဏ်ရာတွေ ပေးမိတယ်။ သူ့ဘက်မှာလည်း ခံစားရသလို ကိုယ့်ဘက်မှာလည်း အလဲလဲ အပြိုပြို ဖြစ်ရရော။ နှစ်ဦးနှစ်ဘက်စလုံး နာကျင်ရတာကနေ အဆုံးစွန်ထိ လျှောက်မိရင် မချစ်နိုင်တော့တာတွေ၊စိတ်ကုန်တာတွေ ဖြစ်လာရော။ စဉ်းစားကြည့် အဲ့ကျ ကောင်းကြသေးရဲ့လား???
အယ်... နောက်ထပ် pattern တစ်မျိုးလည်း ရှိသေးတယ်ဗျ။ ဘယ်သူ့ကိုမှ ပြောပြချင်စိတ်လည်းမရှိ အရမ်းလည်း မွန်းကြပ်တဲ့အခါ ထွက်ပေါက် ရှာတာ။ သာယာတဲ့ အရာပေါ်မှာ စီးမျောပစ်လိုက်တာ။ ဘာမှ စဉ်းစားမနေချင်တော့ဘူး။ နောင်ခါလာ နောင်ခါဈေး သဘောထားပြီး ဘဝကြီးကို ခဏတာ သာယာမှုမှာ ရောင်းစားပစ်လိုက်တာ။ စိတ်ကို လွှတ်ပေးရင် လွှတ်ပေးလိုက်သလောက် ပျက်စီးတာပဲ။ အရက်၊ဆေး၊လောင်းကစား၊ဖောက်ပြား စိတ်လေရာ တိမ်း ယိမ်းပစ်တာနဲ့ တလွင့်လွင့်ဖြစ်ကုန်ကြရော။ အဆုံးမှာ ကိုယ်ချစ်ရတဲ့သူတွေရော ကိုယ်ရော စိတ်ထိခိုက်ပြီး နာကျင်ပျက်စီးကြရလေ့ရှိတယ်။
အဲ့တော့ဗျာ... ကျနော်တို့ အဲ့လိုချိန်မျိုးမှာ ဘာကိုလိုချင်တာလဲ?
ဘယ်သူ့ကိုမှ မပြောပြချင်ဘူး ဒါပေမဲ့ စိတ်ဖြေရာ လိုချင်တယ်။တစ်ယောက်တည်း ကိုယ်ပိုင် space လေး လိုချင်တယ်။
Ok... I get it but How do you want it?
ကိုယ်ပိုင် space ဆိုတာကို အဓိပ္ပာယ် ဖွင့်ရအောင်။
ကိုယ့်အတွက် space နော် ဘယ်သူဘယ်ဝါ ဘယ်အရာမှ မပါတဲ့ Only ME space စစ်စစ်။
အဲ့ space မှာ ကိုယ် သူများကို ပြောမပြချင်တဲ့အရာတွေ မပြချင်တဲ့ sideတွေကို ကိုယ်တိုင် ရှင်းလင်းမယ် အားယူမယ် ပြန်ထမယ်။ ပိုပြီး ကောင်းတဲ့သူ ဖြစ်အောင် ကြိုးစားမယ်။
ဟင့်အင်း... တစ်ယောက်တည်းဆို အထီးကျန်တယ် လို့ ဆိုလာရင်တော့ ဘဝရဲ့ အရမ်းအရေးကြီးတဲ့ အရာတွေက တစ်ယောက်တည်းပဲ လိုအပ်တာပါ။
စွဲလမ်းစေတဲ့ သက်ရှိသက်မဲ့ တစ်ခုခု ရှိမှ ဆိုရင်တော့ အဲ့တာ အကျင့်ပါနေတာလို့ပဲ ပြောချင်တယ်။ ပြဿနာတစ်ခုဖြစ်တယ်။ ဖြေရှင်းနေကျအတိုင်းပဲ ဖြေရှင်းလိုက်တယ်။ ပြေလည်သယောင်ယောင်ရှိပေမဲ့ တကယ် မကျေလည်သွားဘူး။ အဲ့တာဆို အဲ့ပြဿနာက နောင်လည်း ထပ်တက်နေအုံးမှာပဲ။ နောင်ထပ်တက်လို့ ဒီလိုပဲ ဖြေရှင်းရင် ဒီသံသရာထဲပဲ လည်နေအုံးမှာ။နည်းနည်းလေး ဒုက္ခခံပြီး ကိုယ့်ကိုယ့်ကိုပဲ အရင်ပြောင်းလဲကြတာပေါ့။ တခြားအရာတစ်ခုကို လက်ညိုးထိုးတာ လွယ်ပေမဲ့ ခဏတိုင်း ဒီလိုတွေချည်း ကြုံနေရတာ Cool မနေဘူးဗျာ။ အဲ့တော့ ရစ်တွယ်နှောင်ဖွဲ့နေတဲ့ သက်ရှိသက်မဲ့ မှန်သမျှ space ထဲကို အဝင်မခံပါနဲ့။
အဲ့တာဆို အဲ့ Space မှာ ဘာလုပ်ရမှာတုံး?
ကိုယ့်ကိုယ်ကို အာရုံစိုက်ကြမယ်လေ။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ကျန်းမာမှာမလို့ ကျန်းမာရေးကို နည်းနည်း ပြန်ဂရုစိုက်။
လှုပ်လှုပ်ရှားရှားနေ ကောင်းကောင်းစား ကောင်းကောင်းအိပ်။
စိတ်ကျန်းမာရေးအတွက်တော့ ကိုယ်ဝါသနာပါရာ တစ်ခုခုကို ရှာဖွေပြီး လုပ်ပါ။ အဲ့တာက ဘာအကျိုးအမြတ်မှ ရစရာလည်း မလိုသလို ရေရှည်မှာ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေ ပါစရာမလိုပါဘူး။ ပန်းချီဆွဲရတာ စိတ်ဝင်စားတယ်နော် ပန်းချီဆွဲ။ သီချင်းဆို စာဖတ် ဝါသနာပါတယ် ထင်တဲ့အရာ မှန်သမျှ စမ်းသာလုပ်ကြည့်။ ဒီတစ်ခုလုပ်လို့ စိတ်မဝင်စားတော့ဘူးဆို နောက်တစ်ခု ပြောင်းလုပ်။ ဘယ်အရာမှာမှ ကန့်သတ်ချက်မရှိတာမလို့ အဆင်ပြေပါတယ်။
ရေတိုနည်းလမ်းတစ်ခုကတော့ စိတ်ထဲ ခံစားရသမျှ ချသာရေးဗျာ။ တခြားတစ်ယောက်ကို ပြောပြရင်မှ နှုတ်မလုံရင် ပြဿနာတက်အုံးမယ်။ ဘယ်သူ့မှ ပြောမနေနဲ့။စိတ်ထဲရှိသမျှ အကုန်လုံးကို စာရွက်ပေါ် ချသာရေး။ အဓိကက စိတ်ပြေသွားဖို့ပဲ။ နေ့တိုင်း Journalling ရေးနိုင်ရင် ပိုတောင် ကောင်းသေးသဗျာ။
မရဘူးဟ ဒါတွေလုပ်လည်း အဆင်မပြေဘူးဆိုရင်တော့ ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီယူဖို့ တိုက်တွန်းချင်ပါတယ်။ Coach တွေ mentor တွေ အကူအညီ ယူသင့်ယူ ဒါမှမဟုတ် Counselling ယူချင်ရင်ယူ ကြိုက်နှစ်သက်ရာ အဆင်ပြေသလို လုပ်လို့ရပါတယ်။ အဓိကက ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီရဲ့ ကိုယ့်ရဲ့ အခက်အခဲကို ကျေလည်အောင် ဖြေရှင်းဖို့ပါပဲ။
ဒါတွေကတော့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ မပြောပြချင်တဲ့ အရာတွေနဲ့ ပြည့်နှက်ပြီး မွန်းကျပ်နေရင် လုပ်ကြည့်သင့်တာတွေပါ။ စိတ်ဖြေရာ နည်းနာတစ်ချို့ပေါ့။ စိတ်ဖြေရာ ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာမလို့ ကိုယ်တိုင်သာ ဖြေရှင်းလိုက်ပါ။




Comments